ရဟန်းလောကမှာ ဘွဲ့အများဆုံးရထားတဲ့ ၁၂ ပါးမြောက် တိပိဋက ဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသ

ဒီနေ့ ရဟန်းလောကမှာ ဘွဲ့အများဆုံးရထားတဲ့ ၁၂ ပါးမြောက် တိပိဋက ဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသကို ဖူးမြော်ခွင့်ရခဲ့တယ်။

ဆရာတော်က ပါဠိအသံထွက်ဆိုမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအသံထွက်ထက် မြန်မာအသံထွက်က ပါဠိသဒ္ဒါသဘောအရပိုသင့်တော်ကြောင်း၊ မင်းကွန်းဆရာတော်ကြီးလည်း မြန်မာအသံကို ပိုနှစ်သက်ကြောင်း၊ “သ”ဆိုတာ သွားဖျားလျာဖျားက ထွက်ရတဲ့အသံမို့ “စ” လို့မဖတ်ဘဲ ဆဋ္ဌသင်္ဂါယနာတင်တုန်းက နိုင်ငံတကာ ဆရာတော်တွေရဲ့ ရှေ့မှာ မင်းကွန်းဆရာတော်ကြီးက မြန်မာရွတ်ဖတ်သံနဲ့သာ ဖြေဆိုတော်မူခဲ့ကြောင်း မိန့်ပါတယ်။

မိမိက နိုင်ငံတကာကျောင်းသားတွေကို အင်္ဂလိပ်စာသင်ပေးနေတဲ့ Australian ဆရာမတစ်ယောက် ပြောခဲ့တာလေး အမှတ်ရလို့ လျှောက်ထားလိုက်တယ်။

အင်္ဂလိပ်စာသင်တဲ့ မြန်မာတွေမှာ မွေးရာပါကံကောင်းတာက “သ(th)” ကို ပီပီသသအသံထွက်နိုင်ကြောင်း၊ အခြားနိုင်ငံသားတွေမှာ ပီပို့အတော်ခဲယဉ်းကြောင်း လျှောက်ထားတော့ ဆရာတော်က ဒါကြောင့်လည်း ဖြစ်နိုင်တယ်လို့မိန့်ပြီး နီပေါက ဆရာတော်တွေလည်း မြန်မာအသံထွက်နဲ့တူတာကို ပါဠိလို မေးမြန်းဖူးကြောင်း မိန့်ပါတယ်။

ဗီယက်နမ်ကျောင်းသားတစ်ယောက်က အဘိဝံသလို့ ဘာကြောင့်တပ်ရတာလဲမေးတော့ ဆရာတော်က မိမိကို ဘာသာပြန်ခိုင်းတယ်။

အဘိဝံသဆိုတာ လူသတ်စာမေးပွဲလို နာမည်ကြီးကြောင်း၊ပါဠိသဒ္ဒါတွေကို အသေးစိတ် လေ့လာရကြောင်း နှစ်ပေါင်း ၁၁၀ လောက်ရှိပြီဖြစ်တဲ့ မန္တလေးအသင်းကြီးမှာ အဘိဝံဘွဲ့ရ (၄၀၀) ခန့်သာရှိပြီး (၁၀၀) လောက်ပျံလွန်တော်မူသွားကြပြီးဖြစ်လို့ လက်ရှိမှာ တစ်နိုင်ငံလုံးမှ (၃၀၀) ခန့်သာရှိကြောင်း၊ ဆရာတော်လည်း အဘိဝံသကို နှစ်သက်ကြောင်း မိန့်တော်မူပါတယ်။

မိမိက ဆရာတော် အင်္ဂလိပ်စကား အတော်ပြောနိုင်တယ်လို့ လျှောက်တော့ လေ့လာတာအခုမှ ၅ တန်းရှိသေးတယ်တဲ့။

သင်ပေးတဲ့သူက အားပေမယ့် ဆရာတော်က မအားလို့ တစ်နှစ်မှ ရက် ၄၀ ကျော်လောက်ပဲ လေ့လာဖြစ်တယ်တဲ့။ ဆရာတော်က ၅ တန်းလို့ပြောပေမယ့် ဆရာတော်ပြောတဲ့ အင်္ဂလိပ်စကားက ၅ တန်းအဆင့်မဟုတ်တာတွေ့ရတယ်။

ဗီယက်နမ်ကျောင်းသားတစ်ယောက်က မြန်မာတွေ သဘောကောင်းတယ်လို့ လျှောက်တော့ ဆရာတော်က ဖြစ်ပြီးခဲ့တဲ့ပြဿနာတွေမှာ သတင်းမီဒီယာတွေရဲ့ မမျှတမှု၊ ဘက်လိုက်မှု၊ သတင်းမှားရေးမှုတွေကြောင့် နိုင်ငံတကာက မြန်မာအပေါ် အဆိုးတွေမြင်နေကြောင်း အကြမ်းဖက်တတ်သူတွေနဲ့ဝေးလို့ ဗီယက်နမ်တွေ ကံကောင်းကြောင်း မိန့်တော်မူပါတယ်။

ဆရာတော် တိပိဋက စာမေးပွဲ ဖြေဆိုခါနီး တစ်လလောက်အလိုဆို ဒီကမ္မဋ္ဌာန်းကျောင်းလေးမှာ စာလာကျက်ပြီးဖြေဆိုခဲ့ပါတယ်။ ဒါကြောင့် တိပိဋတစာမေးပွဲပြီးသွားလည်း (ရန်ကုန်ကို ကြွလာတဲ့အခါ) ဒီကျောင်းလေးမှာ လာပြီးသီတင်းသုံးပါတယ်။ ၂၂ ဧက ကျယ်ပြီး တစ်ပါးနေ ကမ္မဋ္ဌာန်းကျောင်းလေးတွေများစွာရှိတဲ့ ရန်ကုန်မြို့ပေါ်က မင်းကွန်းတောရကျောင်းကို အခုမှ ရောက်ဖူးတာပါ။

ဘွဲ့အများဆုံးရ တိပိဋက ဆရာတော်တစ်ပါးရဲ့ ရိုးရှင်းစွာ နေထိုင်ဆက်ဆံသီတင်းသုံးမှုကို ကြည်ညိုဖွယ်ရာ ဖူးမြင်ခဲ့ရပါတယ်။ ။
4.1.2018

Add a Comment

Your email address will not be published. Required fields are marked *