၈ လေးလုံးအရေးတော်ပုံ က အာဂ အနုပညာရှင်များ

အခုနွေဦးတော်လှန်ရေးမှာ လူထုလူတန်းစားပေါင်းစုံ ပါဝင်တယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ်ဆိုတဲ့ အတွေးအခေါ်ပိုင်းမှာလည်း တူညီပြီး ပြင်းထန်တယ်။ တခုပဲ၊ ရန်ကုန်-မန္တလေးလို မြို့ကြီးတွေမှာ ဆန္ဒပြချိန် တိုတောင်းတော့ လူထုဟောပြောပွဲတွေတောင် ကောင်းကောင်း မမြင်လိုက်ကြရဘူး။

ဒီတခုတော့ ၈၈၈၈ အရေးတော်ပုံကြီးနဲ့ အတော်ကွာလှပြီး အဲ့ဒီတုန်းက ရန်ကုန်မြို့ပေါ်အနှံ့မှာ လူထုဟောပြောပွဲတွေ စည်ကားများပြားလှတယ်။ နိုင်ငံရေးသမားတွေအပြင် စာရေးဆရာ၊ ကဗျာဆရာတွေ၊ ဂီတသမားတွေ၊ အထူးသဖြင့် ရုပ်ရှင်အနုပညာရှင်တွေဟာ လူထုဟောပြောပွဲတွေရဲ့ အဓိကဇာတ်ကောင်တွေ ဖြစ်ခဲ့ကြတာပေါ့။

ရန်ကုန်က ဘားလမ်း (ယခု မဟာဗန္ဓုလ ပန်းခြံလမ်း) ဟာ သပိတ်မှောက် အနုပညာရှင်တွေရဲ့ စုရပ်ဖြစ်ခဲ့ပြီး အဲ့ဒီကမှ သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ ဟောပြောပွဲစင်မြင့်တွေဆီ ဆက်ချီတက်ကြ ဟောကြပြောကြပေါ့။

“၂၆ ရက် ရွှေတိဂုံအနောက်မုခ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး၊ အကြီးအကျယ်ဆုံး ဟောပြောပွဲကြီးကို စာပေနှင့် အနုပညာရှင်များက စင်ထိုးပေးခဲ့ကြပါတယ်။ စင်ပေါ်ကို ဒေါ်အောင်ဆန်းစုကြည် အတွက် အခမ်းအနားလုပ်ပေးဖို့ လေးလေး ဦးထွန်းဝေကို အကူအညီတောင်း၊ လေးလေးကလည်း အခမ်းအနားမှူး လုပ်ပေးလို့ စစ်အစိုးရက တသက်လုံး ရုပ်ရှင်မရိုက်ရန်သာမက သူပါတဲ့ ဇာတ်ကားတွေတောင် ရုံတင်ပြသခြင်း ပိတ်ပင်ခံရပါတယ်”

ဒီထဲမှာ ထူးထူးခြားခြား ရုပ်ရှင်မင်းသားကြီး ထွန်းဝေ တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲတွေကို စီစဉ်သူဖြစ်ခဲ့တယ်။ ၈၈ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ဟောပြောပွဲဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီးနဲ့ နောက်တရက်ခြားကျင်းပတဲ့ ရွှေတိဂုံစေတီတော် အနောက်မုခ် ဟောပြောပွဲတွေဟာ ထွန်းဝေ စီစဉ်တာပါ။

“၂၆ ရက် ရွှေတိဂုံအနောက်မုခ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး၊ အကြီးအကျယ်ဆုံး ဟောပြောပွဲကြီးကို စာပေနှင့် အနုပညာရှင်များက စင်ထိုးပေးခဲ့ကြပါတယ်။ စင်ပေါ်ကို ဒေါ်အောင်ဆန်းစုကြည် အတွက် အခမ်းအနားလုပ်ပေးဖို့ လေးလေး ဦးထွန်းဝေကို အကူအညီတောင်း၊ လေးလေးကလည်း အခမ်းအနားမှူး လုပ်ပေးလို့ စစ်အစိုးရက တသက်လုံး ရုပ်ရှင်မရိုက်ရန်သာမက သူပါတဲ့ ဇာတ်ကားတွေတောင် ရုံတင်ပြသခြင်း ပိတ်ပင်ခံရပါတယ်” (ရှစ်လေးလုံးအရေးတော်ပုံနှင့် မောင်မိုးသူ)။

၈၈ အရေးတော်ပုံကာလမှာ ထွန်းဝေဟာ သူ့ လင့်ရိုဘာကားတစီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲတွေကို မနားမနေ စီစဉ်ခဲ့ပုံကို သိမီသူ ရုပ်ရှင်မင်းသမီးတွေက အမှတ်တရ ပြောပြဖူးတယ်။

ထွန်းဝေဟာ သတင်းသမားဘဝကနေ သိန်းဖေမြင့်ရဲ့ ကူညီစောင်မမှုနဲ့ ရုပ်ရှင်လောကထဲ ရောက်လာသူပါ။ ဒါကြောင့်တချို့က ထွန်းဝေကို ကွန်မြူနစ်လို့ တံဆိပ်ကပ်ကြတယ်။ တကယ်တော့ ထွန်းဝေဟာ သူ ရုပ်ရှင်လောကထဲ ရောက်အောင် ကူညီခဲ့ဖူးတဲ့ သိန်းဖေမြင့်ကို ကျေးဇူးရှင်ဆရာသမားအဖြစ် ကျေးဇူးဆပ်ခဲ့ရုံသာ။ နိုင်ငံရေးသမား မဟုတ်ပေမယ့် သိန်းဖေမြင့်နဲ့ သွားလာနေထိုင်ခဲ့လေတော့ နိုင်ငံရေးသဘောတရား အခြေခံတော့ ရှိသပေါ့။ သိန်းဖေမြင့်နဲ့ ဒေါ်ကြည်ကြည်တို့ရဲ့ အိမ်ထောင်သက် ၂၅ နှစ်ပြည့်ငွေရတုပွဲနွှဲတော့ တရုတ်သွေး ၅၀ ရာခိုင်နှုန်းပါတဲ့ ထွန်းဝေလက်ရာ တရုတ်အစားအစာတွေနဲ့ ဧည့်ခံခဲ့တယ်။

အွန်လိုင်းအဘိဓာန် ဝီကီပီဒီးယားက ထွန်းဝေကို ခုလို မှတ်တမ်းတင်ထားတာ တွေ့ရတယ်။

“ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး ဖြစ်ပွားသည့်အခါ အနုပညာရှင်များနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် ကူညီစောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။”

ရလဒ်ကတော့ စစ်အစိုးရရဲ့ တားမြစ်မှုကြောင့် ၁၉၈၈ ခုနှစ်ကနေ ထွန်းဝေဆုံးတဲ့ ၂၀၀၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်အထိ ရုပ်ရှင်မရိုက်ရတော့တာပါပဲ။ ရုပ်ရှင်မရိုက်ရတာတင် မဟုတ်ပါဘူး။ ထွန်းဝေတို့၊ အေးအေးသင်းတို့ ဓာတ်ပုံတွေကိုပါ စာနယ်ဇင်းဖော်ပြခွင့် ပိတ်ပင်ခံခဲ့ကြရတာပါ။ ထွန်းဝေဆုံးပြီးတဲ့နောက် ၂၀၀၉ ခုနှစ်ထုတ် မဂ္ဂဇင်းတစောင်မှာ ထွန်းဝေဓာတ်ပုံ ဖော်ပြပါရှိလာတာကို ထိုစဉ်က သတင်းသမားတဦးက အခုလို မှတ်တမ်းတင်ရေးခဲ့တယ်။

“နအဖ စာပေစိစစ်ရေးဌာနက နှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့သည့် ရုပ်ရှင်မင်းသားကြီး ထွန်းဝေ၏ ဓာတ်ပုံနှင့်နာမည်ကို စက်တင်ဘာလထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ပထမဆုံးအကြိမ် ပြန်လည် ဖော်ပြပါရှိသည်။ စက်တင်ဘာလထုတ် ပေဖူးလွှာမဂ္ဂဇင်း စာမျက်နှာ ၇ဝ တွင် ရုပ်ရှင်မင်းသမီး အကယ်ဒမီ ဒေါ်မြတ်မွန်နဲ့ တွေ့ဆုံခန်း၌ ရုပ်ရှင်မင်းသားကြီး ထွန်းဝေ၏ဓာတ်ပုံနှင့် အမည်ကိုပါ ထည့်သွင်းဖော်ပြထားသည်။”

ဦးထွန်းဝေသည် သက်ရှိထင်ရှားရှိစဉ် ကတည်းက ရုပ်ရှင်ရိုက်ခွင့်၊ စာရေးခွင့်များ ပိတ်ပင်ခံရပြီး စာစောင်များတွင် နာမည်ပင် ဖော်ပြခွင့်မရခဲ့သည်မှာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာတဦးက “ဦးထွန်းဝေ ကွယ်လွန်လို့ နှစ်တချို့ကြာမှ ခုလို သတင်းဆောင်းပါးမှာ နာမည်နဲ့ဓာတ်ပုံ ဖော်ပြခွင့်ပြုတာလောက် အတွက်ကတော့ ဝမ်းသာစရာလို့ မထင်ပါဘူး။ ဦးထွန်းဝေရဲ့ဘဝ၊ ဦးထွန်းဝေရဲ့ နိုင်ငံရေးခံယူချက်တွေ အကြောင်းရေးရင်တော့ ခွင့်မပြုမှာ သေချာတယ်” ဟု ပြောသည်။

တခါ ထွန်းဝေ ဆုံးခါစက ဂျာနယ်တစောင်ရဲ့ ဖော်ပြချက်ကို ဖတ်ကြည့်စေလိုတယ်။ “ပြည်သူ့အချစ်တော်နှင့် လူထုကိုယ်စားပြု ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ထွန်းဝေဟူသော ဝိသေသဂုဏ်ဒြပ် ရှိခဲ့သော်လည်း ရုပ်ရှင်မင်းသားဖြစ်လျက် ရုပ်ရှင် မရိုက်ရသောအဖြစ်၊ ပြသခွင့် မရရှိသောအဖြစ်၊ သတင်းစာသမားတဦး ဖြစ်ခဲ့သော်လည်း သတင်းများကို ရေးသားဖော်ပြမှု မပြုနိုင်သည့်အပြင် နာမည်ကိုပင် အသုံးပြု ခွင့်မရသောအဖြစ်တို့ကို ခါးသီးစွာ ရင်ဆိုင် ခါးစည်းခံစားလျက် အကယ်ဒမီ မင်းသားကြီး (ဦး) ထွန်းဝေသည် ၂၀၀၅ ခုနှစ်၊ သြဂုတ် ၁၃ ရက်နေ့၌ ရန်ကင်းမြို့နယ်၊ နေအိမ်တွင် အသက် ၈၅ နှစ် အရွယ်၌ ကွယ်လွန်ခဲ့သည်။”

၁၉၈၈ ခုနှစ်မှသည် ကွယ်လွန်ချိန် ၂၀၀၅ ခုနှစ်အထိ ၁၇ နှစ်တာ ကာလပတ်လုံး မိမိ၏ ဝါသနာနှင့် မြတ်နိုး တန်ဖိုးထား သံယောဇဉ်ကြီးမားခဲ့သာ သတင်းစာဆရာဘဝနှင့် ရုပ်ရှင်သရုပ်ဆောင် ဘဝတို့ကို ပိတ်ပင်အမှောင်ချခြင်း ခံခဲ့ရသော လူထုကိုယ်စားပြု ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ (ဦး) ထွန်းဝေ၏ ဝိသေသနှင့် ဂုဏ်ဒြပ်ကို စာရေး ဆရာမကြီး ရွှေကူမေနှင်း၏ ‘မတ်လညီညွတ်ရေး’ ဆောင်းပါး (မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း မတ်လ ၂၀၁၅) တွင် ဤသို့ဖော်ပြသည်။

“ထွန်းဝေ၊ ကွယ်လွန်သွားခဲ့သဖြင့် သူကိုယ်တိုင် သူ့ကား ပြန်ပြသည်ကို မြင်တွေ့ မသွားခဲ့ရသော်လည်း မကွယ်လွန်သေးသူများ မြင်ခွင့်ရသည်။ အနုပညာအရ ဆုံးရှုံးရုံမက နိုင်ငံရေးအရ ဆုံးရှုံးခဲ့သည်ကို မြင်ရသည်။ လူပုဂ္ဂိုလ်တဦးအား ပြစ်ဒဏ်ပေးခြင်းသည် ထိုပုဂ္ဂိုလ်ကိုသာ ထိခိုက်စေသည် မဟုတ်၊ အနုပညာကိုသာ ထိခိုက်စေသည် မဟုတ်၊ နိုင်ငံရေးအရလည်း ဆုံးရှုံးကြောင်း ယခုဤဇာတ်ကားက ပြသခဲ့လေသည်။ ဤဇာတ်ကားသည် ကရင်-ဗမာ ချစ်ကြည်ရေးမျှသာ မဟုတ်ပါ။ နိုင်ငံ၏ သမိုင်းရုပ်ပုံလွှာ တလွှာကိုလည်း ပြန်ပြောင်းထင်ဟပ်သဖြင့် သံဝေဂယူစရာ ဖြစ်ပါသည်။”

၈၈၈၈ အရေးတော်ပုံကာလက ရန်ကုန်မြို့မှာ ဟောပြောပွဲစင်မြင့်တွေ အများကြီးရှိတဲ့အနက် အလံပြဘုရားလမ်းပေါ်က စင်မြင့်က ထင်ရှားတယ်။ အဲ့ဒီတုန်းက စစ်ရုံးရှေ့နား မလှမ်းမကမ်းမှာရှိတဲ့ ဒီစင်မြင့်မှာ လာရောက် ဟောပြောသူတွေကလည်း ထိုကာလက ရဲရဲတောက်တွေဖြစ်တဲ့ မောင်သော်ကတို့၊ မင်းသိင်္ခတို့ ပါတယ်။ ရုပ်ရှင်ဘက်က အေးအေးသင်းနဲ့ ဟာသမယ် မသန်းရွှေ ပါတယ်။

ဒီတုန်းက အလံပြဘုရားလမ်း တိုက်ခန်းတခန်းမှာနေတဲ့ အသိ အန်တီတယောက် ပြန်ပြောပြလို့ သိရတာက အေးအေးသင်းဟာ ဒီတုန်းက ကြယ်ငါးပွင့်ပါ နိုင်ငံတော်အလံကို ထမီလုပ်ဝတ်ပြီး တရားဟောပါသတဲ့။ သူနဲ့တတွဲတွဲပါတဲ့ ဟာသမယ် မသန်းရွှေကလည်း တော်တော်ပြင်းထန်တဲ့ စကားလုံးတွေ သုံးပြီးဟောလို့ လာနားထောင်တဲ့ ပရိသတ်က အေးအေးသင်းနဲ့ မသန်းရွှေတို့ကို အထူးနှစ်ခြိုက်စွာ အားပေးခဲ့ကြပါသတဲ့။

၈၈ အရေးတော်ပုံပြီးလို့ နဝတ၊ နအဖ စစ်တပ်တက်တော့ အရေးတော်ပုံကာလအတွင်း ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေကို ခံဝန်လက်မှတ် ထိုးခိုင်းတယ်။ အရေးတော်ပုံကြီးမှာ ပါဝင်မိတာ မှားပါတယ်လို့ ခံဝန်ကတိနဲ့ လက်မှတ်ထိုးခိုင်းတာ။ အေးအေးသင်းနဲ့ မသန်းရွှေက မထိုးပါဘူး။ ဒါကြောင့်ပဲ သူတို့နှစ်ယောက် သေသာသွားရော ရုပ်ရှင်မရိုက်ခဲ့ကြရ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေး။ မြန်မာ့ရုပ်ရှင် ရွှေရတုကာလမှာ အေးအေးသင်းရဲ့ ရုပ်ရှင်တွေပြဖို့ အတိုက်အခံ ဖြစ်ခဲ့ရသေးတယ်။

အဲဒီကာလက ရုပ်ရှင်ရွှေရတုမှာ ကားဟောင်းတွေ ပြန်ပြတဲ့အထဲ ထွန်းဝေတို့၊ အေးအေးသင်းတို့၊ မသန်းရွှေတို့ ရုပ်ရှင်တွေ ပြန်ပြနိုင်ဖို့ သက်ဆိုင်ရာက လာညှိခဲ့တယ်။

အေးအေးသင်းက “သူတို့က အစ်မဆီလာပြီး မကြာခင် ရုပ်ရှင် ရွှေရတုမှာ အစ်မဇာတ်ကားတွေ တီဗီက ပြစေချင်ရင် ၈၈ မှာ ပါဝင်ခဲ့တာ မှားယွင်းလို့ တောင်းပန်‌ကြောင်းနဲ့ နောင်ကိုလည်း နိုင်ငံရေးလုပ်မည် မဟုတ်ပါကြောင်း ဝန်ခံကတိ ရေးထိုးပေးမယ်ဆိုရင် ဇာတ်ကားတွေကို ပြမယ့်အပြင် ရုပ်ရှင်လည်း ရိုက်ခွင့်ပြုမယ်လို့ ကမ်းလှမ်းတာလေ။ အစ်မက ပြောလိုက်ပါတယ်။ ကျမက နိုင်ငံရေးလုပ်ဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမယ့် ရုပ်ရှင်လည်း မရိုက်တော့ပါဘူး။ ဒါကြောင့် လက်မှတ်လည်း မထိုးတော့ပါဘူး” လို့။

ဒါကြောင့် လူညစ်တွေနဲ့ ပြတ်သားခိုင်မာတဲ့ အနုပညာရှင်ကြားမှာ ကျနော်တို့ဟာ အေးအေးသင်းရဲ့ အနုပညာကို ခံစားကြည့်မြင် နားဆင်ခွင့် ဆုံးရှုံးခဲ့ရုံမကသူ့ရဲ့ မမေ့နိုင်စရာ ကားဟောင်းတွေကို ပြန်ကြည့်ခွင့်လည်းမရ၊ နှောင်းလူတို့ကိုလည်း ဝေမျှခွင့်မရ ဖြစ်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၂ဝ ပြည့်နှစ်မှာ အေးအေးသင်း ဆုံးတော့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ဦးအေးကြူလေးက “နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ သူ့ကတော့ စိတ်ဓာတ်ခိုင်မာတဲ့ သူတယောက်ပါ။ အရင် ၈၈ အရေးခင်း ပြီးကတည်းက ဇာတ်ကားတွေ မရိုက်ရတော့ဘူး။ ဇာတ်ကား မရိုက်ပေမယ့်လည်း ဒီအတိုင်းပဲနေတယ်။ ဗေဒင်တွေ ဟောတယ်။ နောက်ပိုင်းမှာ မှော်ဘီ ၂ ဧကလောက်ကျယ်တဲ့ ခြံကြီးဝယ်တယ်။ ဘာသာရေးပဲ လုပ်တော့မယ်ဆိုပြီးတော့ ခြံကြီးကို သူ့နေတဲ့နေရာပဲ ချန်ပြီး ဘုန်းကြီးကျောင်း လှူလိုက်တယ်။ သူနေတဲ့ အိမ်ကိုလည်း သူသေရင် တခါတည်းအပြီး လှူထားခဲ့တယ်။ ဘယ်အရာမှ သံယောဇဉ်တွယ် မထားဘူး။ စိတ်ဓာတ်က အရမ်းခိုင်မာသူ တယောက်ပါ” လို့ Facebook ပို့စ် တင်ခဲ့တယ်။

ပို့စ်အောက်က ကော်မန့်တွေမှာ ‘ကလောအလွန်တဘူတာ’၊ ‘ဆောင်းအိပ်မက်’၊ ‘မိုက်တယ်ဆိုတာ လွယ်ပါတယ်’ တို့နှင့်အတူ ကျွန်တော်တို့၏ အနုပညာချစ်စိတ်ကို ပိုမို ထွန်းပလာစေခဲ့သော ‘ကောင်းရာဘဝ ရောက်ပါစေ’။ ‘မမအေးရေ … စိတ်မကောင်းလိုက်တာ’။ ‘လူတကာအပေါ် စိတ်ကောင်းရှိခဲ့တဲ့ မမအေး၊ ကောင်းရာသုဂတိလားပါစေ’။ ‘ယုံကြည်ချက် ခိုင်မာပြတ်သားတဲ့ မင်းသမီးကြီး ကောင်းရာသုဂတိလားပါစေ’ အစရှိသဖြင့် ဖတ်ရတယ်။ ‘ယုံကြည်ချက် ခိုင်မာပြတ်သားတဲ့ မင်းသမီးကြီး ကောင်းရာသုဂတိလားပါစေ’ ဆိုတဲ့ ကော်မန့်က ရင်ကိုလာမှန်တယ်။

မသန်းရွှေက ခေါက်မုန့်လုပ်ရောင်းပြီး ဘဝကိုဖြတ်သန်းသွားသလို အေးအေးသင်းကတော့ ဗေဒင်ဟောခန်းဖွင့်ပြီး ဗေဒင်ဟောကာ လက်ကျန်ဘဝတွေကို ဖြတ်သန်းသွားခဲ့တယ်။ စစ်တပ်အောက် ဒူးမထောက်ခဲ့တဲ့ အလေးပြုရမယ့် အာဂ အနုပညာရှင်တွေပါ။

ဒီတုန်းက စစ်တပ်ဟာ အနုပညာရှင်တွေကို အပြစ်ပေးအရေးယူရာမှာ တဦးနဲ့တဦး မတူပါဘူး။ မှတ်သားမိသလောက် ထွန်းဝေ၊ အေးအေးသင်း၊ မသန်းရွှေတို့ကို ရုပ်ရှင်ရိုက်ခွင့် အပြီးပိတ်သိမ်းခဲ့တယ်။ အရေးတော်ပုံမှာ အလားတူပါဝင် ဟောပြောခဲ့တဲ့ မင်းသမီး မေယုကျတော့ ရုပ်ရှင်ရိုက်ခွင့် ၅ နှစ် တားမြစ်ပိတ်ပင်ခံရပြန်တယ်။ မင်းသမီးတယောက် ၅ နှစ် မရိုက်ရတော့ ပရိသတ်နဲ့အဆက်ပြတ်ပြီး တသက်လုံး မရိုက်ရတာနဲ့ အတူတူပါပဲ။

ကိုယ်တိုင် သိမီသလောက်ပြောပြရရင် နဝတ၊ နအဖ လက်ထက်မှာ ခံဝန်လက်မှတ်ထိုးပြီး ရုပ်ရှင်ရိုက်ခွင့်ရခဲ့သူ အနုပညာရှင်တွေလည်း မချောင်ပါဘူး။ အဲ့ဒီခေတ်က အမျိုးသားအားကစားပွဲ၊ လှေပွဲ၊ မြင်းပွဲ စုံနေအောင်လုပ်ခဲ့တယ်။ ဘာပွဲလုပ်လုပ် ဂုဏ်ပြုဇာတ်လမ်းတွေ ရိုက်ကူးပြသတယ်။ ဂုဏ်ပြုသီချင်းတွေ စပ်ဆိုကြပြီး တေးသရုပ်ဖော်တွေ ရိုက်ကူးပြသတယ်။

(ဝါဒဖြန့်) ပေါ်လစီတေး၊ ပေါ်လစီဇာတ်လမ်းတွေ လှိုင်လှိုင်ကြီး ရိုက်ကူးထုတ်လုပ်ကြတဲ့အခါ အရေးတော်ပုံမှာ ပါမိတာမှားပါတယ်လို့ ခံဝန်လက်မှတ်ထိုးထားသူ အနုပညာရှင်တွေဟာ တနေရာမဟုတ် တနေရာမှာ ပါဝင်သရုပ်ဆောင်ပေးကြရတယ်။

ရုပ်မြင်သံကြား ရိုက်ကူးရေးမှာ မပါဝင်လိုက်ရလို့ ရေဒီယိုဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ပါရစေ။ ဒီလို ရေဒီယိုဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ပေးထားကြောင်း လူကြီးတွေသိအောင် ဇာတ်လမ်အသံသွင်းနေပုံ ဓာတ်ပုံလေး သတင်းစာထဲ ထည့်ပေးပါလို့ တောင်းဆိုသူ အနုပညာရှင်တွေ ထွက်ပေါ်ခဲ့ဖူးတယ်။

မသန်းရွှေကမှ အေးရာအေးကြောင်း ခေါက်မုန့်လုပ်ရောင်းနေရသေး။

ခံဝန်လက်မှတ်ထိုးထားတဲ့ သရုပ်ဆောင်ဘဝက လူကြီးငြိုငြင်မှာစိုးနေရတဲ့ တကြောင့်ကျကျဘဝ။

ဂီတသမားတွေလည်း ပညာပေးခံရတာပဲ။ ၈၈ အရေးတော်ပုံမှာပါခဲ့တဲ့ နာမည်ကြီးတေးသံရှင်တွေ သီချင်းဆိုပြီး တေးစီးရီးအခွေထုတ်ချင်ရင် ပေါ်လစီသီချင်းတပုဒ် အနည်းဆုံး ဆိုပေးရတယ်။

တခုမှတ်မိနေတာလေးနဲ့ စာမူကို အဆုံးသတ်လိုတယ်။ ၈၈ တုန်းက တကသ (တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ) အဆောက်အဦ ပြန်ဆောက်ဖို့ဆိုပြီး ရန်ပုံငွေအခွေထုတ်ဖို့ လုပ်ခဲ့ကြတယ်။ ကိုလေးလွင်ရေးပြီး အဖွဲ့လိုက် သီဆိုထားတဲ့ ‘ခွပ်ဒေါင်းနဲ့အတူတိုက်’ သီချင်းက လူကြိုက်များခဲ့တယ်။

ဘာစိတ်ဓာတ်လဲ ခွပ်ဒေါင်းစိတ်ဓာတ်

ဘာလုပ်နေလဲ ချီတက်နေတယ်

ဘာလုပ်ဖို့လဲ တိုက်ပွဲဝင်ဖို့

ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ပဲ

ဘာလိုချင်လဲ ဒီမိုကရေစီ

ဒီမိုကရေစီ သြော် … ခေါမရဲ့အမည်

ဟောကြပြောကြ လွတ်လပ်ခြင်းရဲ့အဆွေတော်အကြည်

အချုပ်အချယ်ကင်းတဲ့ ဒီမိုကရေစီ

လူ့အခွင့်အရေးဖြင့် သာယာကြည်

ကောက်နှံအပြည့်မှည့် မြေယာဆီ

စက်သံမစဲတဲ့ အလုပ်ရုံဆီ

ထုတ်ကုန်အပြည့်နဲ့ ရွှေဝါပြည်

(အဖြေသာသည်) ၂

ဒီလိုအခြေတည် အပီဆိုလေပြီ

သည်ဒီမိုကရေစီ

The Irrawaddy