တရုတ်မြန်မာနယ်စပ်မှာ ယွမ်ငွေဈေး အဆမတန်ထိုးတက်၊ ကျပ်ငွေကို မည်သူမျှ လက်မခံတော့

ရှမ်းမြောက် မူဆယ်မြို့ တရုတ်နယ်စပ်တစ်လျှောက်မှာ တရုတ်ယွမ်ငွေစျေးတတ်လွန်းတာကြောင့် တစ်ချို့အရောင်းအဝယ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

တရုတ်ယွမ် (၁၀၀)ကို မြန်မာငွေ (၃၇၀၀၀)ကျပ် ကျော်အထိ ဖြစ်နေပြီး မူဆယ်မြို့မှာဆိုရင် ပစ္စည်းတွေဝယ်ရာမှာ တရုတ်ယွမ်ကိုပဲ အများအားဖြင့် သုံးနေကြတယ်လို့ သိရပါတယ်။

“တရုတ်ယွမ်ငွေက စျေးတတ်တော့ မြန်မာငွေကိုင်တဲ့သူတွေက အခက်တွေ့နေကြတယ်။ အရောင်းအဝယ်လုပ်တဲ့သူတွေဆိုလဲ တရုတ်ငွေကိုင်တဲ့သူတွေတော့ ဘာမှမ​ဖြစ်ဘူး။

မြန်မာငွေကိုင်တဲ့သူကြတော့ မြန်မာငွေကတအားကျတော့ အခက်တွေ့ပြီး ဆုံးရှုံးမှုများတယ်။ ပစ္စည်းတွေ ဝယ်တဲ့နေရာမှာဆိုလဲ သူတို့တွေက မြန်မာငွေပေးလဲ တရုတ်ငွေတွက်ပြီး ယူကြတာ။

အဲလိုယူတော့ မြန်မာငွေကိုင်တဲ့လူတွေ အခက်တွေ့ပြီလေ”လို့ မူဆယ်မြို့က ကုန်သည်တဦးက ပြောပါတယ်။

တရုတ်ငွေယွမ် စျေးနှုန်းတစ်ခါတက်ပြီးတိုင်း ပြန်ကျဖို့ ကြန့်ကြာလေ့ရှိတာကြောင့် အချို့ဒေသခံတွေအနေနဲ့ မူလကတည်းက တရုတ်ငွေကိုပဲ ပိုမိုအသုံးပြုလာကြတယ်လို့ ဆိုပါတယ်။

တရုတ်နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ နမ့်ခမ်းမြို့ခံတစ်ဦးကလည်း “ဟုတ်တယ်။ တရုတ်ငွေ အရမ်းစျေးတက်နေတယ်။ ပြီးတော့ ဆိုင်မှာဆိုရင်လဲ မြန်မာငွေတွေမယူတော့ဘူး။

ကိုယ်ကမြန်မာငွေယူလာရင်လဲ တရုတ်ယွမ် ပြန်သွားလဲပြီးမှ လိုချင်တာဝယ်ရတယ်။ တရုတ်ငွေစျေးတတ်တော့ ပစ္စည်းတွေလဲ အရမ်းစျေးတတ်သွားတယ်။ တစ်ခုခု ဝယ်စားမယ်ဆိုရင်လဲ ချင့်ချိန်ပြီးစားနေရတာ။ အဝ မစားရဲဘူး”လို့ပြောပါတယ်။

လက်ရှိနယ်စပ်မြို့တစ်လျှောက်လုံးမှာ အရောင်းအဝယ်ကို တရုတ်ငွေနဲ့သာ ပိုမိုအသုံးပြုလာနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလအတွင်းမှာ တရုတ်ငွေ ယွမ် (၁၀၀)ကို မြန်မာငွေ ကျပ်(၄၀၀၀၀)ထိ မြင့်တက်ခဲ့ဖူးပါတယ်။

တရုတ်ယွမ်ငွေဈေး အဆမတန် ထိုးတက်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသလို ဖြစ်နေပြီး မြန်မာကျပ်ငွေကို မသုံးသလောက် ဖြစ်နေတာကို တွေ့ရပါတယ်။ မြန်မာငွေ တန်ဖိုး ဘယ်လောက်အထိ လျော့ကျသွားမလဲဆိုတာကို ခန့်မှန်း သုံးသပ်ရ ခက်ခဲနေကြောင်း ပညာရှင်များက မှတ်ချက် ချထားပါတယ်။