“ပထမဦးဆုံး ရိုက်ခွင့်ရတဲ့ ရုပ်ရှင်ကားကို သွားရိုက်ဖို့ လမ်းစားရိတ်မရှိခဲ့တဲ့ ကျော်ဟိန်းအတွက် ကယ်တင်ရှင်ဖြစ်ခဲ့သူ”

ရုပ်ရှင်မင်းသား(ဦး)ကျော်ဟိန်းငယ်ငယ်ကနေခဲ့တဲ့စမ်းချောင်းကသူ့မိဘအိမ်ရောက်ဖူးတယ်။ရှာကြံကြွားတာမဟုတ်ဘူး။ထူးဆန်းတာတခုမြင်ခဲ့ရလို့ပါ။

ကျွန်တော့်ကြီးတော်ကရုပ်ရှင်ကန်ထရိုက်တာလုပ်ခဲ့တယ်။၁၉၇၈ ခုနှစ်ရုံတင်ခဲ့တဲ့ကျော်ဟိန်းနာမည်ကြီးအကယ်ဒမီရုပ်ရှင် ” တဦးကစေတနာတဦးကမေတ္တာ ” ရုပ်ရှင်ကားကိုရန်ကုန်မြို့ပတ်ရုံတွေမှာပြသဖို့ကန်ထရိုက်ဆွဲခဲ့တုံးပါ။

” တဦးကစေတနာတဦးကမေတ္တာ “ဒါရိုက်တာဦးသုခပါ။ရုပ်ရှင်ဒါရိုက်တာကြီးဦးသုခဇနီးနဲ့ကျွန်တော့်ကြီးတော်ရင်းနှီးပြီးရုပ်ရှင်ကားကန်ထရိုက်တာလုပ်ငန်းခဏလုပ်ခဲ့သေးတယ်။

ရုပ်ရှင်ကားကိစ္စနဲ့မင်းသားကျော်ဟိန်းညီမ (ဒေါ်ဘေဘီ) နဲ့လူကြီးတွေကျော်ဟိန်းမိဘအိမ်စမ်းချောင်းမှာသွားတွေ့တာရောယောင်ပါသွားခဲ့တယ်။

စမ်းချောင်းရှေးခေတ်ပျဉ်ထောင်အိမ်ပုလေး၊ရေနံချေးသုတ်ထားတဲ့ပျဉ်ပြားနံရံမှာထူးထူးခြားခြားအသုဘရှု့ယပ်တောင်တခုကပ်ထားပြီးအောက်မှာစာရေးထားတယ်။

ဒေါ်…….. နေ့……ကွယ်လွန်သည်။

မာမီ………… သတိရတယ်။

ယပ်တောင်အောက်မှာသားသမီးနာမည်တန်းစီရေးပြီးမိခင်သေဆုံးတဲ့နေ့စွဲရေးထားတယ်။ ကျော်ဟိန်းတို့မောင်နှမတွေသူတို့မိခင်ဒေါ်ချိုချိုနာရေးယပ်တောင်ကိုဧည့်ခန်းထဲကပ်ထားတာထူးထူးခြားခြားမြင်ခဲ့ရတာမှတ်မိနေတယ်။

ရုပ်ရှင်မင်းသားကျော်ဟိန်းနာမည်ကျော်ကြားမှုနဲ့အတူနူတ်ခမ်းမွေးကားကားကြီးနဲ့သူ့ညီဇော်ဇော်ကိုကားကောင်းကြီးတစီးနဲ့ရန်ကင်းမှာမကြာခဏတွေ့ခဲ့တယ်။

ကျွန်တော်တို့ခေတ်ဆူပါစတားရုပ်ရှင်မင်းသားပြောပါဆိုရင် “ ကျော်ဟိန်း ” ထိပ်ဆုံးပါ။ရုပ်ရှင်မင်းသားကြီးကျော်ဟိန်းအကြောင်းရေးဖွဲ့ထားတဲ့များပြားလှတဲ့မဂ္ဂဇင်းဂျာနယ်ထဲမှာဖတ်မိသမျှထဲကဒီနေ့အထိမမေ့နိုင်တဲ့ဆောင်းပါးတပုဒ်ရှိခဲ့တယ်။မှတ်မိသလိုပြန်ရေးပြပါ့မယ်။

မန္တလေးရိုက်ကွင်းကိုဘယ်နေ့အရောက်ကိုယ့်စားရိတ်နဲ့ကိုယ်လိုက်ချင်လိုက်ခဲ့မင်းသားပေါက်စကျော်ဟိန်းကိုရှုတင်မန်နေဂျာမှာထားတယ်။

မန္တလေးသွားဖို့ခရီးစားရိတ်မရှိတဲ့မင်းသားရူးကျော်ဟိန်းဟာမန္တလေးရိုက်ကွင်းကိုသတ်မှတ်ချိန်အမှီရောက်နိုင်ဖို့ရန်ကုန်ဘူတာကြီးမှာညရထားထွက်ခါနီးယောင်ပေပေလုပ်နေတယ်။

လက်မှတ်ရုံမှာရထားလက်မှတ်လက်ကျန်ဆက်ရောင်းပေးနေပါတယ်။ဒါပေမယ့်သူ့မှာရထားလက်မှတ်ဝယ်စရာပိုက်ဆံမရှိပါဘူး။သူ့အကောင်းဆုံးအဝတ်အစားကိုခရီးဆောင်အိပ်ထဲထည့်လွယ်ထားပြီးကျော်ဟိန်းဟာ ရန်ကုန်ဘူတာမှာတဝဲလည်လည်ဖြစ်နေခဲ့တယ်။

ညနေ ၆ နာရီထွက်မယ့် ဒဂုံ – မန်း

အမြန်ရထားတွဲထိုးထားတာသံဇကာအပြင်ကလှမ်းမြင်နေရပြီ။ပိုက်ဆံချေးမယ့်သူရှိရင်ရထားလက်မှတ်ပြေးဝယ်ပြီးရထားပေါ်ကျော်ဟိန်းချက်ခြင်းပြေးတက်မလို့ပါ။

ရထားဥဩတချက်ဆွဲပါပြီ။မင်းသားပေါက်စကျော်ဟိန်းချွေးပြန်နေပါပြီ။မန္တလေးညအမြန်ရထားလွတ်သွားရင်မန္တလေးမနက်ရှုတင်ကိုမမှီနိုင်တော့ဘူး။ဒါဆိုရုပ်ရှင်ရိုက်ရမယ့်အခွင့်အရေးဆုံးရှုံးမှာရုပ်ရှင်ရူးကျော်ဟိန်း စိတ်ပူနေတယ်။

ကံကြမ္မာကမင်းသားကျော်ဟိန်းကိုဖေးကူခဲ့ပါတယ်။ဒဂုံ-မန်း ညအမြန်ရထားအထက်တန်းတွဲထဲထိုင်နေတဲ့မင်းသမီးစံရှားတင်က။

“ ဟဲ့…ဟိုဟာ…ဖိုးကျော်မဟုတ်လား………ရထားထွက်တော့မယ်….သွားခေါ်လိုက်လေ…… ”

ကျော်ဟိန်းရထားတွဲနားရောက်လာပြီး။

“ ဟုတ်တယ်…မစံ ….ကျွန်တော့်ရထားလက်မှတ်ဖိုးမရှိလို့မနက်မန္တလေးရှုတင်အချိန်မှီမသွားနိုင်တော့ဘူး၊ဇတ်ရံလုပ်ရမယ့်အခွင့်အရေးမရတော့ပါဘူးဗျာ…။

ခရီးဆောင်စလွယ်သိုင်းထားပြီး မျက်နာကချွေးကိုလက်မောင်းနဲ့သုတ်ရင်းကျော်ဟိန်းစိတ်ပျက်တဲ့အသံနဲ့ရထားပြုတင်းပေါက်နားထိုင်နေတဲ့မင်းသမီးစံရှားတင်ကိုရထားတွဲဘေးကတလုံးခြင်းပီပီသသပြောလိုက်တယ်။

ဖိုးကျော်ရဲ့ကံကြမ္မာကနိုင်ငံကျော်မင်းသားကြီးကျော်ဟိန်းဖြစ်စေခဲ့ပါတယ်။မင်းသမီးဒေါ်စံရှားတင်ကဖိုးကျော် (ကျော်ဟိန်း)ကိုစားရိတ်ခံပြီးမန္တလေးကိုညရထားနဲ့ခေါ်သွားခဲ့ပါတယ်။

ဒါကြောင့်မန္တလေးမနက်ရိုက်ကွင်းရှုတင်ကိုဇတ်ရံမင်းသားပေါက်စ ကျော်ဟိန်းအချိန်မှီရောက်ရှိနိုင်ခဲ့လို့ ” ကျော်ဟိန်း ” ဖြစ်စေခဲ့တယ်။

မြတ်စွာဘုရားဟောကြားထားတဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော်အတိုင်းအကြောင်းရှိလို့အကျိုးဖြစ်လာတာပါ။အကျိုးရှိလို့အကြောင်းဖြစ်လာတာပါ။

လွင်ဦး(ရန်ကင်း)