စကစ တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်မယ့်နေ့ မသေချာသေး (ထပ်မံ နောက်ဆုတ်ရမည်ဟုဆို

စကစရဲ့ သုံးလပြတ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လကုန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသူကျောင်းသားပေါင်း နှစ်သိန်း ကျော် ဝင်ရောက် ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အရေအတွက်ဟာ ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲရဲ့ ဖြေဆိုသူ ၉ သိန်းကျော်နဲ့ နှိုင်းယှဉ်ပါက သုံးပုံတပုံ နီးပါးမျှသာ ရှိတာကို တွေ့ရပါတယ်။

စာသင်ချိန် သုံးလသာ ရှိသောကြောင့် ယခင်က တနှစ်လုံး သင်ခဲ့ရတဲ့ သင်ရိုးညွှန်းတမ်း အတော်များများကို ပယ်ပစ်ခဲ့ပြီး အဖြစ်သဘောမျိုး အခန်းအနည်းကိုသာ သင်ကြားခဲ့ပြီး မေးခွန်းထုတ်ခဲ့တာကြောင့် တက္ကသိုလ်ဝင် စာမေးပွဲရဲ့ မေးခွန်းတွေက အလွန်လွယ်ကူခဲ့တာကို တွေ့ရပါတယ်။

စာမေးပွဲ မကျင်းပခင်ကတည်းက မဖြေတဲ့သူနဲ့ ကွယ်လွန်တဲ့သူပဲ မအောင်ဘဲ ကျန်တဲ့ သူတွေ အားလုံး အောင်မှာ ဖြစ်ကြောင်း၊ “ခုံနံပါတ်ထိုး ၃၉၊ ဘေးမျဉ်းဆွဲချ အောင်မှတ်ရ” ဆိုတဲ့ စကားအတိုင်း အကုန် အအောင် ပေးမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

အဲဒါကြောင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အအောင်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၁၀ တန်းကို ၁၀ ခါဖြေလို့ မအောင်ခဲ့တဲ့သူတွေပါ ဝင်ရောက်ဖြေဆိုခဲ့တာကို တွေ့ရပါတယ်။

ဖြေဆိုပြီးတဲ့နောက် အမှတ်ခြစ်ရာမှာလည်း ဆရာအင်အား လုံလောက်မှု မရှိတာကြောင့် လစ်ဟာမှုတွေ ရှိကြောင်း၊ အမှတ်ပေးစည်းမျဉ်းကို သုံးကြိမ်ခန့် အနည်းဆုံး ပြင်ခဲ့ရကြောင်း၊ အောင်ချက်ကတော့ ယခင်နှစ်ထက် ပိုကောင်းကြောင်း ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

မူလက ၂၀၂၂ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်မည်ဟု ကြေညာထားပေမယ့်လည်း အနီးကပ်မှ ရက်ပြောင်းရွှေ့သွားတယ်လို့ သိရပါတယ်။

မည်သည့်နေ့ကို ပြောင်းရွှေ့သွားကြောင်း မသိရသေးဘဲ အထက်ကဆိုတဲ့ လူကြီးများရဲ့ အခြေအနေအပေါ် မူတည်ပြီးသာ ဇွန်လ ၁၇ (သို့) ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်နိုင်မယ်လို့ အခြေခံပညာဦးစီးဌာနက ဝန်ထမ်းတဦးက ပြောပါတယ်။

စကစက အဖြစ်သဘောသာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ လက်ရှိအချိန်မှာ အိုးနင်းခွက်နင်းနဲ့ ဖြစ်နေပါပြီ။ အောင်စာရင်းကို စိတ်ကြိုက်ဖြစ်အောင် ပြုလုပ်ရင်းနဲ့ တကယ်ထွက်ရမယ့်နေ့မှာ မထွက်နိုင်တဲ့ အနေအထားကို ရောက်ရှိနေပါပြီ။

ဇွန်လ ၁၇ ရက် ရောက်ရင်လည်း ထပ်မံ ရက်ရွှေ့သွားနိုင်တယ်လို့ သိရပါတယ်။ တကယ့် အောင်စာရင်း ထွက်လာရင်လည်း ဘယ်လိုအလွဲမျိုးတွေ ဖြစ်လာနိုင်မလားဆိုတာကို ဆက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်