၈၈၈၈ အရေးတော် ပုံကြီး ဘယ်လိုဖြစ်ခဲ့ လဲ? ဘာတွေ ဖြစ် ခဲ့ လဲ? (လူ ငယ်တွေ သိထား သင့် ပါတယ်)

၁၉၈၈ အရေးတော်ပုံ ကို စစ်အာဏာရှင် ကာလတလျောက်လုံး လူသတ်၊ ခေါင်းဖြတ်၊ မင်းမဲ့ စရိုက် ကြီးစိုးတဲ့ ဖြစ်ရပ်အဖြစ် ပုံဖေါ်ခဲ့ကြတယ်။

အရေးတော်ပုံ (အရေးအခင်းလို့ သိမ်ငယ်အောင် ဖေါ်ပြခဲ့ကြတယ်) စတင်တာကိုလည်း လက်ဖက်ရည်ဆိုင်မှာ လူငယ်တွေ ရန်ဖြစ်ရာက စတယ်ဆိုပြီး ဘာမဟုတ်တဲ့ ကိစ္စလိုလို ဝါဒ ဖြန့်ခဲ့ကြတယ်။

အင်မတန် ကြီးမား ကျယ်ပြန့်တဲ့ အရေးတော်ပုံကြီးကို ဒီစတေးတပ်နဲ့ ခြုံမပြောနိုင်ပေမယ့် အရေးကြီးတဲ့ အပိုင်းတွေကို (အကြောင်းရင်းနဲ့ တကွ) ဟိုက်လိုက် လုပ် ဖေါ်ပြချင်ပါတယ်။

၁- ၈၈၈၈ အရေးတော်ပုံ မစခင်ကတည်းက ပြည်သူလူထုဟာ မဆလ ခေါ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီအပေါ်မှာ နာကျည်းချက် ကြီးနေခဲ့ပါပြီ။

စားဝတ်နေရေး ကြပ်တည်းတာအပြင် ၅.၉.၁၉၈ရမှာ ၇၅ကျပ်တန်၊ ၃၅ကျပ်တန်၊ ၂၅ ကျပ်တန် ငွေစက္ကူတွေကို တရားမဝင် ကြေငြာပြီး ပြည်သူလူထု ပိုက်ဆံကို ပြန်လည် လုယူခဲ့တာကြောင့် ဘဝပျက်ကြသူတွေ တပုံကြီးပါ။

ဒါ့အပြင် ပါတီကောင်စီဝင်တွေရဲ့ အနိုင်ကျင့် စော်ကားမှုတွေကြောင့် ပြည်သူလူထုဟာ အံကြိတ်တောက်ခတ်နေခဲ့ရတာ ကြာခဲ့ပါတယ်။ ဒါဟာ ကနဦး အခြေအနေတွေပါ။

၂- ၁၂.၃.၈၈ မှာ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်မှာ စက်မှု တက္ကသိုလ် ကျောင်းသားတွေနဲ့ ကြို့ကုန်းက အရပ်သားတွေ ရန်ဖြစ်ရာမှာ မူးနေတဲ့ အရပ်သားတွေ ရိုက်လိုက်လို့ ကျောင်းသား တယောက် ခေါင်းကွဲပါတယ်။

ကျောင်းသားတွေက ကောင်စီရုံးကို သွားတိုင်၊ ရဲစခန်းမှာ အမှုဖွင့်ပါတယ်။

ညီညီလွင်ဆိုတဲ့ ကောင်စီဥက္ကဌ သားလား၊ အမျိုးလား မသိတဲ့သူကို ဖမ်းတယ်ဆိုပြီး နောက်နေ့မှာ ရဲက လွှတ်ပေးပါတယ်။

ဒီနေရာမှာ ကောင်စီရဲ့ မတရား အနိုင်ကျင့်မှုကို ခံနေရတာကြာတဲ့ ကျောင်းသားတွေ ပေါက်ကွဲပြီး ၁၃ ရက်နေ့မှာ ကောင်စီရုံးကို ကျောင်းသားတွေ ဝိုင်းပါတယ်။

ကောင်စီဥက္ကဌဟာ နောက်ဖေးပေါက်က ပြေးခဲ့တယ်။ ကျောင်းသားအတွေ အပြန်မှာ ရပ်ကွက်က မီးမှိတ်ပြီး ဓားနဲ့ ဝိုင်းခုတ်လို့ ကျောင်းသားနှစ်ယောက် ထိရာက ကျောင်းသားတွေဟာ သမဆိုင်ကို မီးရှို့ပါတော့တယ်။

ပြေပြေလည်လည် ဖြေရှင်းမပေးပဲ ကလိမ်ကကျစ် ဖြေရှင်းလို့ ပြဿနာပိုကြီးထွားလာတာပါ။

အဲဒီညမှာပဲ လုံထိန်းတွေက တက္ကသိုလ် ထဲမှာ ပစ်ခတ်လို့ မောင်ဖုန်းမော် သေနတ်ဒဏ်ရာပေါင်း များစွာနဲ့ ကျဆုံးခဲ့ရပါတယ်။

နောက်ရက်မှာ ဒဏ်ရာအတူတူရရှိသူ မောင်စိုးနိုင် ကျဆုံးပါတယ်။

ဒီနေရာမှာ အရပ်သား၊ ကျောင်းသား ရန်ဖြစ်တဲ့ကိစ္စကို ပါတီကောင်စီက မတရားသဖြင့် ဘက်လိုက်လို့ ကျောင်းသားတွေ မခံမရပ်နိုင်ဖြစ်တာကို မြင်ဖို့ လိုပါတယ်။

၃- ၁၅ရက်နေ့မှာ တက္ကသိုလ်ကို ဝင်စီးပြီး ကျောင်းသားတွေကို ဖမ်းဆီးခဲ့ပါတယ်။

၁၅ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ် ပင်မက ကျောင်းသားတွေ ဆန္ဒပြခဲ့ပါတယ်။ အရေးကြီးတော့ သွေးနီးခဲ့ကြတာပါ။

၁၆ရက်နေ့မှာ ရန်ကုန် တက္ကသိုလ်ကျောင်းသားတွေဟာ ကျောင်းအပြင်ကို ထွက်အလာ တံတားဖြူနေရာမှာ ရှေ့နဲ့နောက် ပိတ်ပြီး ရိုက်နှက်သတ်ဖြတ်ခဲ့ကြလို့ နာမည်ကျော် တံတားနီ အရေးအခင်း ဖြစ်ခဲ့ပါတယ်။

၄- ၁၈ရက်နေ့မှာ ရန်ကုန်မြို့လယ်အထိ ကူးစက်လာတဲ့ ဆန္ဒပြပွဲတွေကို အတင်းအကြပ်ဖြိုခွင်း၊ လူပေါင်းများစွာကို အချုပ်ကားထဲ ထိုးသိပ် ဖမ်းဆီးလို့ လူပေါင်း ၄၁ဦး (သူတို့ ကြေငြာချက်ပါ၊ ဒီထက် များနိုင်ပါတယ်၊ အမည်စာရင်းမရှိပါ) အသက်ရှူကြပ် သေဆုံးခဲ့ရပါတယ်။

ဘယ်သူဘယ်ဝါ မစစ်ဆေးပဲ ဒီအတိုင်း သဂြိုလ်ခဲ့ရတာပါ။ လူသားသိက္ခာ ထိခိုက်စွာ ကျဆုံးခဲ့ရတာပါ။

၅- ဒီနောက်မှာ ပြည်သူတွေ၊ ကျောင်းသားတွေဟာ ဆက်တိုက် ဆိုသလို ဆန္ဒတွေ ပြခဲ့ကြသလို အစိုးရကလည်း ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။

မြန်မာ့အသံ၊ ရေဒီယို မှာတော့ သတင်းတွေကို ဖုံးကွယ် လိမ်ညာပြီး လွှင့်နေလို့ ပြည်သူဟာ ဘီဘီစီ၊ ဗီအိုအေတို့ကို ခိုးဝှက် နားထောင်ခဲ့ကြရပါတယ်။

၆- ၂၃.၇.၈၈ မှာတော့ မဆလ ပါတီ အရေးပေါ် ညီလာခံမှာ ဦးနေဝင်းဟာ ‘စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။

နောင်ကို ဆူဆူပူပူလုပ်ရင် မသက်သာဘူးမှတ်ပေတော့’ ဆိုပြီး ပြည်သူကို ခြိမ်းခြောက် စိန်ခေါ်ခဲ့ပါတယ်။

၆.၈.၈၈ မှာတော့ ဘီဘီစီ မေးမြန်းခန်းမှာ ကျောင်းသား ခေါင်းဆောင်တယောက်က ၈လေးလုံးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာ သပိတ်တရပ် ဆင်နွှဲဖို့ ပြင်ဆင်ထားကြောင်း ပြောခဲ့ပါတယ်။

စီစဉ်ထားတဲ့အတိုင်းပဲ။ ၈၈ အရေးတော်ပုံကြီးဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

၇- ဒီနေရာမှာ ၈၈၈၈ အရေးတော်ပုံမှာ ပြည်သူလူထု ခြောက်ခြားအောင် ကောလဟလတွေ ဖြန့်တာ၊ ရေမှာ အဆိပ်ခပ်တဲ့သတင်းတွေ ဖြန့်တာ၊ ( ခြောက်ခြားအောင် လုပ်ရမယ်ဆိုတဲ့ စာလည်း ငြင်းမရအောင် ပေါ်ခဲ့ပါပြီ) စတာတွေကြောင့် နေရာအနည်းငယ်မှာ လူသတ်မှုတွေ ဖြစ်ခဲ့ပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတာပါ။

အုပ်ချုပ်ရေး ယန္တရား ပြိုကျသွားချိန်မှာ ပြည်သူဟာ ကိုယ့်ရပ်ကွက်ကို ကိုယ် အေးချမ်းအောင် ဘုန်းတော်ကြီးတွေ၊ ကျောင်းသားတွေနဲ့ ပူးပေါင်း ကာကွယ်ခဲ့ကြတယ်။

တနိုင်ငံလုံး အုပ်ချုပ်သူမဲ့ အချိန်မှာ ဒီလောက်ပဲ ဖြစ်တာဟာ ပြည်သူတွေ စည်းလုံးလို့ ဖြစ်ပါတယ်။

ခြောက်ခြားအောင် သွေးထိုးမှုတွေ နေရာအနည်းငယ်ပဲ အောင်မြင်ခဲ့တယ် ဆိုပါတော့။

၈- ၈၈၈၈ အရေးတော်ပုံဟာ တပါတီ အာဏာရှင်စနစ်ကို ပြုတ်ကျစေခဲ့တယ်။ အာဏာရှင်ဟာ ခြောက်ခြားပြီး အာဏာရှင် လက်သစ်လက်ထဲကို အာဏာထိုးအပ်ပြီး ကန့်လန့်ကာနောက် ဝင်ပြေးခဲ့ရတယ်။ ပြည်သူဟာ စည်းလုံးညီညာစွာ ဒီမိုကရေစီကို တောင်းဆိုခဲ့ကြတယ်။

၈၈ ဟာ အဆုံးသတ် အောင်ပွဲကို မယူနိုင်ခဲ့ပေမယ့် ကြီးမားတဲ့ ပြည်သူ့ အောင်ပွဲ သမိုင်းဖြစ်ရပ်ကြီးပါပဲ

အမည်မဲ့

သမိုင်းက တောင်းဆိုလာတဲ့အခါ အညတြ လူငယ်တွေ သေမင်းဆီ တည့်တည့်တိုးလျောက်ခဲ့တယ်။

ခေတ်ပျက်ကြီးထဲမှာ နေရတာထက် သေရတာမြတ်သေးတယ် မင်းဆိုးမင်းညစ်အောက်မှာ ဘဝတွေ ဆိုး ဘဝတွေ ညစ်လာ အာဏာရှင်ကို တော်လှန်မှ ဖြစ်မယ်။

မတရားမှုကို တော်လှန်ဖို့ လက်နက်မလိုဘူး လူထုပဲလိုတယ်၊ ပြည်သူပဲ လိုတယ်။

မြို့ကြီးမြို့ငယ်မကျန် တစ်ခုထဲသောအသံ တပြည်လုံး သိမ့်သိမ့်ညံ ဒီမိုကရေစီ အမြန်ပေး ပြည်သူတွေ ဟစ်ကြွေးခဲ့တယ်။

ပထွေးဟာ ပထွေးလိုပဲ ရက်စက်တယ် လက်နက်ဗလာ ပြည်သူဆီ ကျည်ဆံတွေပဲ သွန်ချခဲ့တယ်။

ညမိုးချုပ်မှာ အိမ်ပြန်မလာသူတွေ အကျဉ်းထောင် အမှောင်ညမှာ သူမတို့ ငိုကြွေးသံတွေ ဘီလူးဟာ မျက်နှာဖုံးကွာကျသွားတယ်။

မင်းလျောက်တဲ့ လမ်းထက်တိုင်းမှာ ပြည်သူသွေးစက် ကျဖူးတယ် ရွှေတိဂုံ ဆူးလေ သူတို့တတွေ မြင်ဖူးတယ် သမိုင်းဟာ အရိုးတွန်တတ်တယ်။

ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ တင်းကြမ်းထပ်နေတဲ့ လမ်းမတွေမှာ သူရို့ ကျိန်စာတွေ ကျန်နေလိမ့်မယ် ဒီ… မို…. က… ရေ…စီ ဒီအသံကြားရင် အသက်ပြန်ဝင် သူတို့တတွေ ပြန်ရှင်လာမယ်။

ဘယ်သူဘယ်ဝါတွေလဲ ဘယ်သူမှ မသဲကွဲပါဘူး ထူးထူးခြားခြား မဟုတ်ခဲ့ အမည်မဲ့ လူငယ်တွေ အမည်မဲ့ လူကြီးတွေ အမည်မဲ့ ကျောင်းသားတွေ အမည်မဲ့ အလုပ်သမားတွေ…

အာဏာရှင်ကို တွန်းလှန် ကမ္ဗည်းကျောက်စာလည်း မချန် အမည် မှတ်တမ်းလည်း မကျန် အသက်ကို သေမင်းထံ အပ်နှံခဲ့ကြ ဘာမှ မကျန်တဲ့ သူရဲကောင်းတွေ။

ဒီနေ့ဒီရက်တိုင်း အမည်မဲ့သူတွေကို ဦးညွှတ်မိတယ် ငါမသိသော တယောက်သူဟာ အာဏာရှင်လက်ချက်နဲ့ ငါတို့အတွက် အသက်ပေး ဒီမိုကရေစီ အရေး ကြွေးကျော်ရင်း ကျဆုံးခဲ့တယ်။

အမည်မဲ့ စွန်လွှတ်သူများ ဒီနိုင်ငံကို စောင့်ရှောက်ပါစေသား။

သက္ကမိုးညို