မြန်မာ့ စားအုန်းဆီ ဈေးကွက် ပြိုလဲသွားပါပြီ (ကိုယ်သတ်မှတ်တဲ့ဈေးနဲ့ ကိုယ်ပြန်ဝယ်မရတဲ့ စကစ)

စကစ လက်အောက်ခံ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေနဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်လိုက်ပါတယ်။

ပြည်တွင်းမှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ စားအုန်းဆီ ဈေးနှုန်းတွေ ပေါ်ပေါက်လာဖို့ ဆိုပြီး စကစ စားသုံးဆီ ကော်မတီက မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေအပေါ် မူတည်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကြားရမယ့် အခြေခံလက်ကား ရည်ညွှန်းဈေးကို ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။

ယခုတပတ်မှာတော့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံမှာ ဈေးနှုန်းတွေ တည်ငြိမ်နေတာကြောင့် ယခင် အပတ်က ဈေးနှုန်းအတိုင်း စားအုန်းဆီ တပိဿာကို ၅၆၄၅ ကျပ် ဖြစ်တယ်လို့ စကစ ကော်မတီက ဖော်ပြထားပါတယ်။

ဒါပေမယ့် ဈေးကွက်ထဲမှာတော့ စားအုန်းဆီ တပိဿာကို ကျပ် ၁၀၀၀၀ နီးပါး ပေးနေရပြီး ကြိုက်ဈေး ပေးရင်တောင် ဝယ်လို့ မရတဲ့ အနေအထား ဖြစ်နေတယ်လို့ သိရပါတယ်။

စာရွက်ပေါ်က ဈေးနဲ့ ပြင်ပ ပေါက်ဈေး ၂ ဆ နီးပါး ကွာဟနေတာကြောင့် စကစရဲ့ ဈေးနှုန်း ထိန်းညှိရေး မူဝါဒဟာ လုံးဝ ရှုံးနိမ့်သွားပြီ ဖြစ်ပါတယ်။

စားအုန်းဆီ ဝယ်ယူဖို့ ဗဟိုဘဏ်က ဒေါ်လာ မရောင်းပေးတာကြောင့် နိုင်ငံခြားက တင်သွင်းမယ့် ကုန်သည်များ ကမောက်ကမတွေ ဖြစ်နေပြီး သွင်းကုန်လိုင်စင် ချထားမှုတွေမှာလည်း နှောင့်နှေး ကြန့်ကြာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ကုန်သည်တွေကလည်း စကစကို အယုံအကြည် မရှိတာကြောင့် အရင်ကလို အကြွေး စနစ်နဲ့ ရောင်းမပေးတော့ဘဲ လက်ငင်း ငွေသားချေ စနစ်နဲ့သာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

စကစ အနေနဲ့လည်း စားအုန်းဆီ ဈေးတက်ရောင်းရင် ဖမ်းမယ်လို့ ပြောထားပေမယ့်လည်း အခုအချိန်မှာ သူတို့လည်း တက်ဈေးနဲ့ ဝယ်စားနေရပြီ ဖြစ်ပါတယ်။

စားအုန်းဆီ မရှိရင် ပဲဆီစားမယ်တို့၊ စားအုန်းဆီ မရှိရင် ရေလုံပြုတ်စားမယ်တို့ စတဲ့ အချက်တွေကို တချို့လူတွေ စဉ်းစားမိပါလိမ့်မယ်။

မြန်မာပြည်ရဲ့ စားဆီ သုံးစွဲမှုကို မြန်မာပြည်မှာ စိုက်တဲ့ ဆီထွက် သီးနှံတွေက မြန်မာပြည်ရဲ့ စားဆီ သုံးစွဲမှုရဲ့ ၁၈ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်ပါတယ်။
ကျန်တဲ့ ၈၂ ရာခိုင်နှုန်းကိုတော့ ပြည်ပက တင်သွင်း ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်တွင်းကို မှီခိုလို့ လုံးဝ မရဘဲ ပြည်ပကသာ တင်သွင်းနေရတာ ဖြစ်ပါတယ်။

စကစရဲ့ မအောင်မြင်တဲ့ ဈေးကွက် ထိန်းချုပ်ရေး မူဝါဒတွေကြောင့် ပြည်သူများ အနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ကို ခါးစည်း ခံနေရပြီး နည်းပါးတဲ့ ဝင်ငွေနဲ့ မိုးထိနေတဲ့ ကုန်ဈေးနှုန်းတွေကို ဘယ်လိုမှ ကာမိအောင် မလုပ်နိုင်ဘူးလို့ သိရပါတယ်။

စကစ အနေနဲ့ ထိန်းချုပ်လို့ မရတဲ့ အရာတွေကို ဆက်လက် ထိန်းချုပ်နေမယ်ဆိုရင် အဆုံးသတ်မလှဘဲ ဖြစ်သွားနိုင်ကြောင်း ပြည်သူတွေက မှတ်ချက် ပြုနေကြပါတယ်။