ရောကြော် ပညာရေးစနစ်ကို မသင်ချင်လို့ နုတ်ထွက်စာတင်ထားတဲ့ ကျောင်းဆရာလေးရဲ့ ရင်ဖွင့်သံ

အလုပ်ထွက်ဖို့တော့ပြင်ပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ပြောင်းလဲလာတဲ့ ပညာရေးစနစ်နဲ့အညီ ဆရာ/မ အင်အား ဖြည့်တင်း မှု မရှိဘဲ ပညာရေးစနစ်သစ်ကိုအောင်မြင်ချင်တဲ့ လူတွေကို စိတ်နာလို့၊ မြို့ပေါ်မှာနေပြီး ဉာဏ်ရည်ကောင်းတဲ့ ကလေးတွေကို သင်ပြီး ဂုဏ်ယူနေတဲ့လူတွေ ကျေးလက်တောရွာမှာကျနေတဲ့ဆရာ/မတွေရဲ့ အခြေနေကို မသိဘဲ စွပ်စွဲပြောဆိုတတ်တဲ့ လူတွေကို စိတ်နာတယ်။

စနစ်သစ်ပညာရေး ကလေးတွေဟာ သင်ချိန်တိုင်းမှာ ဆရာ/မနဲ့ အတူရှိနေရတယ်။ အခုလက်ရှိ ဖြစ်နေတာကို ပြောလိုက် မယ်။ မူလတန်းမှာ KG ကနေ စတုတ္ထတန်းအထိ အတန်း ၅တန်းရှိပါတယ်။

ဆရာ/မအင်အားက မူလတန်းအတွက် ၄ ယောက် ကျောင်းအုပ်အပါဝင် ၅ ယောက် ကျောင်းလုပ်ငန်းတာဝန်တွေ စာရင်းဇယားတွေ ခဏခဏ တောင်းခံနေတဲ့ အတွက် ကျောင်းအုပ်ကလည်း စာရင်းဇယား၊ သင်တန်း၊ အစည်းဝေး ဒါတွေနဲ့လုံးချာလိုက်ပြီး ရွာလည်နေတော့တာ၊ ကျနော်တို့ဆရာ/မတွေဟာ မိမိ ရထားတဲ့ အလုပ်လေးတစ်ခုကိုတည်မြဲဖို့၊ ကလေးတွေ ကောင်းစားဖို့အတွက် မိသားစုကို အချိန်မပေးနိုင် တော့ပါဘူး။

နောက်တစ်ခုက ပညာရေးမှာ နံပါတ်တစ်ဖြစ်တဲ့ ဖင်လန် နိုင်ငံမှာ ကလေးတွေရဲ့ တစ်နေ့တာ စာသင်ချိန်က နေ့တစ်ဝက်ပဲ ရှိပါတယ်။ အဲ့လိုထားတဲ့အတွက် နောက်တစ်ရက်အတွက် သင်ခန်းစာပြင်ဆင်ရတာ ပိုပြီးအဆင်ပြေပါတယ်။

အခုကျနော်တို့ မြန်မာနိုင်ငံပညာရေးမှာကျတော့ မနက် ၉နာရီကျောင်းတက် ညနေ ၄ နာရီ မှ ကျောင်းဆင်းရတယ်။ ကျောင်းဆင်းလို့ အစည်းဝေးခေါ်ရင် ထမင်းတောင် ၅နာရီ ၆နာရီလောက်မှ ချက်ရတယ် အဲ့ဒါပြီးရင်က နောက်တစ်ရက် သင်မဲ့သင်ခန်းစာကို ကြည့်ရတယ်။

တစ်ရက်ကို သင်ချိန်က မရှိဘူးဆို အနည်းဆုံး ၄ ချိန်ပဲ။ မနက်သင်မဲ့ဘာသာကို ညမှာ ပြန်ကြည့် ရတယ်။ ကလေးတွေကို ထိရောက်စွာသင်မယ်ဆိုရင် သင်ခန်းစာပိုင်နိုင်ဖို့ လိုအပ်တာပေါ့။ တစ်ဘာသာကို တစ်နာရီပဲကြည့် ၄ ဘာသာ ဆိုတော့ ၆ နာရီကပဲ စကြည့် ည ၁၀ နာရီမှာပြီးတယ်။ တစ်နေကုန် မနက်ကတည်းက ညနေထိ မထိုင်ဘဲသင်နေရတဲ့ စနစ်သစ် ပညာရေးကြောင့် ညဆို ခြေထောက်တွေနာ လူတွေလည်းနားချင်တာပေါ့။

ကျောင်းပိတ်ရက်ဆိုရင်လည်း တစ်ပတ်စာ သင်ခန်းစာတွေကို ထိရောက်တဲ့သင်ခန်းစာ ပြင်ဆင်ချက်တွေရေး သင်ထောက်ကူ တွေ လုပ်ကြရ နဲ့ပါ။ တချို့ဆို မရေးနိုင်ကြဘူး ဘာဖြစ်လို့လဲသိလား ကလေးတွေကို အချိန်မီ သင်ကြား နိုင်အောင် Teacher Guide ကိုဖတ် ဘယ်လိုလုပ်ရင်ထိရောက်မလဲ အဲ့လိုလေးတွေ စဉ်းစားပြီးသင်နေကြရတာပါ။

အဲ့ဒါ တွေက ဆရာအင်အားမလုံလောက်ဘဲ လုပ်နေရတာတွေပါ။ အဲ့ဒီလိုတွေလုပ်နေတာတောင်မှ အထက်က ကိုယ်တော်ချော တွေက သင်ခန်းစာပြင်ဆင်ချက်မရေး တဲ့သူဆိုရင် မှင်နီလေးနဲ့မှတ်ချက်ကလေးရေးလိုက်ရမှ ကျေနပ်ကြတာပါ။

ကျနော်တို့က မူလတန်းကို သင်နေကြရတာပါ အသိဉာဏ် စတင်ဖွံ့ဖြိုးစပြုနေတဲ့ကလေးတွေကို ထိန်းကျောင်းနေရတာပါ။ စကစရဲ့ ပညာဝန်ကြီးခင်ဗျား။ စနစ်သစ်ပညာရေးနဲ့ကိုက်ညီတဲ့ ဆရာ/မ အင်အားကို မပေးနိုင်သေးသ၍ “ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုတဲ့ ပညာရေး ဆောင်ပုဒ်ကြီးကို အခြေခံ ပညာကျောင်းတွေကနေ ဖြုတ်ချထားလိုက်ပါ လို့ပြောချင်ပါတယ်။

နောက်တစ်ခုက အခုလို ကျနော်နုတ်ထွက်ခွင့်တင်တာ ကလေးတွေကို မစာနာ မသနားလို့မဟုတ်ပါ။ ကျနော်တင်လိုက်တဲ့ ပိုစ့်တစ်ခုကြောင့် ကလေးတွေကို သင်ကြားပေးမဲ့ ဆရာအင်အားပြည့်စုံရင် ကျနော် နုတ်ထွက်ရကျိုးနပ်ပါတယ်။

ကျနော် ထွက်လိုက်တဲ့အတွက် ခဏတော့ကလေးတွေ ဒုက္ခရောက်မှာပေါ့။ နောင်လာမဲ့စာသင်နှစ်တွေမှာတော့အဆင်ပြေသွားမှာပါ။ အဆင်မပြေခဲ့ဘူးဆိုရင်လည်း ယခုလို ပိုစ်မျိုးထပ်တင်ပြီးတောင်းဆိုမှာပါ ကျနော်တင်တဲ့ပိုစ့်တိုင်းဟာ public နဲ့ပဲတင်ပါတယ်။

ယခုလိုနုတ်ထွက်စာတင်ခြင်းကြောင့် ယခုကဲ့သို့ဆရာတစ်ယောက်ဖြစ်လာအောင် လမ်းညွှန်ဆုံးမ သွန်သင် ပဲ့ပြင်ပေးခဲ့ ကြသော ဆရာ/မ များကို အစဉ် အမြဲ ရိုသေလေးစားလျက်ပါ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့်