ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ပိုမိုဆိုးရွားလာ၊ အိမ်စီးကားတစီး တသောင်းဖိုးသာ ဖြည့်ခွင့်ရနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ အရင်ကလို အချိန်မရွေး သွားရောက်ဝယ်ယူလို့ မရဘဲ အခက်အခဲတွေ ရှိလာတယ်လို့ ယာဉ်မောင်းတချို့ဆီက သိရပါတယ်။

ယာဉ်မောင်းတွေအနေနဲ့ အရင်က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီဝယ်ယူတဲ့အခါ အချိန်မရွေး ဝယ်ယူလို့ရပေမယ့် အခုအခါမှာတော့ ဆီဘောက် ဆာယာဉ်တွေ လာရောက်ချိန်အပေါ် မူတည်ပြီး ဖြည့်ရတာကြောင့် လိုအပ်ချိန်မှာ မရတာတွေ ရှိတယ်လို့ တောင်ဥက္ကလာပမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဆီဝယ်ယူရတဲ့ အခြေအနေဟာ အရေးပေါ်လိုအပ်လာရင် အလွယ်တကူ ဝယ်ယူလို့ မရဘဲ ရနိုင်မယ့်ဆိုင်ကို ရှာဖွေဝယ်ယူရတဲ့ အခက်အခဲရှိနေတာပါ။ ဒါပေမဲ့ စက်သုံးဆီပြတ်လပ်တဲ့ အခြေအနေလို့တော့ ပြောလို့ မရဘူးလို့ ယာဉ်မောင်းတချို့ကပြောပါတယ်။

လာရောက်ဝယ်ယူသူတွေအနေနဲ့ ဆီဘောက်ဆာယာဉ် ရောက်ရှိချိန်မှာ လိုသလောက်ရပေမယ့် ဆီဆိုင်တွေက လည်း အကန့်အသတ်နဲ့ ရောင်းတာမျိုး မဟုတ်လို့ ၂၄ နာရီ မရောင်းချနိုင်ကြဘူးလို့ ဆိုပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် နိုင်ငံတဝှမ်းမှ စက်သုံးဆီဆိုင်အများစုတွင် ဓာတ်ဆီပြတ်လပ်မှုများ ကြုံတွေ့နေရပြီး မြို့တွင်း ဆီဆို်ငများထက် မြို့ပြင်နှင့် အဝေးပြေးလမ်းများမှ ဆီဆိုင်တွေအထိပါ ဆီသွားထည့် နေရတယ်လို့ သုံးစွဲသူများထံက သိရှိရပါတယ်။

ရန်ကုန်ဈေးကွက် တွင် စက်သုံးဆီ ၁ လီတာလျှင် မေလနောက်ဆုံးပတ်ထက် ၆၅ ကျပ်နီးပါး မြင့်တက်နေသလို ကျန် သည့် တိုင်းနှင့်ပြည်နယ်များ၌လည်း သယ်ယူစရိတ်ကြောင့် ရန်ကုန်ဈေးထက် ပိုမြင့်တက်နေပြီကာ ပြည်နယ် အချို့၌ ဆီတစ်ဂါလံလျင် ကျပ် တစ်သောင်းကျော်အထိ ပေးကာ ဝယ်ယူနေရမှုများလည်း ရှိနေတယ်လို့ သိရှိရပါတယ်။

ကိုယ်ပိုင်ကားမောင်းသူတစ်ဦးက “ မနေ့က ထည့်နေကျ ဆိုင်မှာ ဆီသွားထည့်တာ မရခဲ့ဘူး။ ဆိုင်က ပြောတာ တော့ သီလဝါမှာ ဘောက်ဆာတွေကို ဆီထည့်တာရပ်ထားတယ်လို့ ကြားတယ်တဲ့၊ သူတို့ ဆီဘောက် ဆာတွေလည်း တန်းစီနေရတယ်။

သူတို့ပြောတာတော့ ဦးစားပေး ခွဲတမ်းရတဲ့ဆိုင်ကို အရင်ပေးပြီးမှ သူတို့ ဆီရောက်တာလို့ ရှင်းပြတယ်။ နောက်နေ့မှ လာခဲ့ဖို့ပြောတယ်။ အဲ့ဒါနဲ့ မြို့ပြင်လောက်ထိ ထွက်ပြီး ဆီထည့်ခဲ့ရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တရားဝင်ထုတ်ပြန်သည့် ဈေးနှုန်းများမှာ မြင့်တက်လိုက် အနည်းငယ် ကျသွားလိုက် အခြေအနေတွေ ရှိနေပေမယ့် အောက်ခြေမှာတော့ ဓာတ်ဆီ 92 နှင့် 95 မှာ သုံးစွဲသူများအတွက် လိုအပ်သည့် ပမာဏ ကိုပင် ဝယ်ယူ မရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်မှာလည်း ရက်သတ္တပတ် တစ်ပတ်ကျော် ကြာမြင့်လာပြီ ဖြစ်တယ်လို့ စက်သုံးဆီ သုံးစွဲသူများက ပြောပါတယ်။

အဌားယာဉ်မောင်းတစ်ဦးက “ မနေ့ကဆိုရင် မြို့ထဲမှာ ဘယ်နေရာမှ ဆီမရလို့ သာကေတ ဘက်က လူသိပ်မထည့်တဲ့ ဆိုင်တစ်ခု ပထမဆုံးအကြိမ် သွားထည့်ကြည့်တော့ ၉၂ ရတယ်။ အရင်ကဆိုရင် ဆီ မပြည့်လို့ မထည့်တာတို့ ဆီမသန့်လို့ ထည့်နေကျဆိုင် သွားထည့်တာတို့ ရှိခဲ့တာပေါ့၊ အခုကတော့ ဆီပြည့်တာ မပြည့်တာ၊ ဆီမသန့်တာ အဲလို ချေးများလို့ မရတော့ဘူး။ အခုရက်ပိုင်းဆိုရင် အော်ဒါပါလို့ လမ်းကြုံရင် အမြန်လမ်းပေါ်က မရင်းနှီးတဲ့ ဆိုင်တွေမှာတောင် ထည့်ခဲ့ရတယ်။ ဘာမှ မသေချာတော့ဘူး ဆီရှိဖို့က အရေးကြီးတယ်လေ”လို့ ပြောဆိုပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်ရဲ့ ဆီဆိုင် တချို့မှာတော့ အိမ်စီးကား တစီးကို ကျပ်တသောင်းဖိုးသာ ရောင်းချပေးတော့ကြောင်း သိရပါတယ်။ လူနာတင်ယာဉ်တွေကိုတော့ အထူးအခွင့်အရေး အနေနဲ့ နှစ်သောင်းဖိုး ထည့်ခွင့် ပေးတယ်လို့ သိရပါတယ်။ ကိုယ့်လက်ထဲ ပိုက်ဆံ ရှိရင်တောင် ထည့်ချင်တိုင်း ထည့်လို့ မရတဲ့ ခေတ်ကို ပြန်ရောက်တော့မယ့် အခြေအနေ ဖြစ်နေပါပြီ။

တခေတ်တခါကလို ဆီမှောင်ခိုတွေ ကြီးစိုးတဲ့ ခေတ်ကို ပြန်ရောက်မလား၊ တနိုင်ငံလုံး ရပ်တန့်သွားတဲ့ နေ့ကိုပဲ ရောက်လာမလားဆိုတာကတော့…