“မြန်မာနိုင်ငံက မြို့ကြီးအတော်များများရဲ့ အောက်မှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီး အကြောင်း”

“မြန်မာနိုင်ငံက မြို့ကြီးအတော်များများရဲ့ အောက်မှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီး အကြောင်း”

မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ကြောကြီးကို စတင်တွေ့ရှိခဲ့သူက ဒေါက်တာဝင်းဆွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ယူခဲ့သော ဘူမိဗေဒပညာရှင်နှင့် မြေငလျင်ပညာရှင် ဖြစ်ပါတယ်။

တက္ကသိုလ်တွင် ဆရာလုပ်ရင်း ၁၉၆၉ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးရှိ ပြတ်ရွေ့တစ်ခုအား စတင် သုတေသနပြုပါတယ်။ ပြတ်ရွေ့အသေးတစ်ခုဟုသာ ထင်ခဲ့သော်လည်း အချိန်များစွာယူ၍ ကွင်းဆင်းသုတေသနပြုရင်းမှ မြန်မာနိုင်ငံ မြေပုံအလယ်တည့်တည့်မှ ဖြတ်သွားကာ ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော ဧရာမ သက်ရှိပြတ်ရွေ့တစ်ခုဖြစ်မှန်း တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံ၏ ပထဝီအနေအထားမှာ စစ်ကိုင်းငလျင်ကြောပေါ် ငုတ်တုတ်ထိုင်နေရုံမျှမက အခြား မြေငလျင်ကြောများလည်း ရှိနေသေးတယ်။ ကျောက်ကြမ်းပြတ်ရွေ့ကြော၊ ကဘော်ပြတ်ရွေ့ကြော၊ ရွှေတြိဂံပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့ စသဖြင့် ရှိနေပါသေးတယ်။

မိုးကောင်း၊ မိုးညှင်း၊ စစ်ကိုင်း၊ အင်းဝ၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ သုံးခွစသော မြို့များအောက်တွင် စစ်ကိုင်းငလျင်ကြော တည်ရှိပါတယ်။

စစ်ကိုင်းပြတ်ရွေ့ဟာ အလျားလိုက်ပြတ်ရွေ့ဖြစ်ပြီး တစ်နှစ်ကို ၁၈.၅ မီလီမီတာခန့် ရွေ့နေတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနားနယ်မှစပြီး စစ်ကိုင်း ဂန့်ဂေါတောင်တန်း၏ အနောက်ဘက်ခြမ်း ပဲခူးရိုမ အရှေ့ခြမ်းကို ဖြတ်၍ မုတ္တမပင်လယ်ဝထိ ရှည်ပါတယ်။ (Thiri Shwe Sin)

လွန်ခဲ့တဲ့ နှစ်ပေါင်း (၉၀) ကျော်က လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ကြီးလိုမျိုး ငလျင်အကြီးစား ပြန်လှုပ်နိုင်ဟုဆို၊ မြန်မာနိုင်ငံအတွင်းရှိ ငလျင်ကြောတစ်ခုဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ကြောဖြတ်သန်းရာ ပဲခူးဒေသအနီး ဝန်းကျင်တွင် ငလျင်လှုပ်ခတ်နိုင်မှုအလားအလာများလာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။

စစ်ကိုင်းပြတ်ရွေ့၏ အပိုင်းအချို့ကို ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်နှင့် ပူးပေါင်းလေ့လာခဲ့ပြီး သုတေသန တွေ့ရှိချက်အရ ပဲခူးဒေသ၌ ၁၉၃ဝ ခုနှစ်က ရစ်ချ်တာစကေး ခုနစ် ကျော်သည့် ငလျင်ကြီး နောက်ဆုံး လှုပ်ခတ်ခဲ့ပြီးနောက် နှစ်ပေါင်း ၁၀ဝကျော် အတွင်း ငလျင်ပြန်လှုပ်နိုင်သည့် အလားအလာမှာ တဖြည်းဖြည်းပိုမြင့်လာကြောင်း သိရပါတယ်။

“ငလျင်ဆိုတာ ဘယ်နေ့၊ ဘယ်အချိန်မှာ အင်အားဘယ်လောက်နဲ့ဖြစ်မလဲဆိုတာ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမယ့် အဲ့ဒီဒေသမှာ ငလျင်ကြီးလှုပ်ရန် ဖြစ်နိုင်ခြေ အလားအလာမြင့်လာတယ်ဆိုတာ သုတေသနတွေ့ရှိချက်အရ သိရတယ်။

ပဲခူးငလျင်တုန်းက ပဲခူးမြို့မှာသာမကပဲ ရန်ကုန်မှာပါ သက်ရောက်မှုရှိခဲ့လို့ ရန်ကုန်မှာလည်း သတိပြုသင့်ပါတယ်” ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။။

မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း နှစ်စဉ် ငလျင်လှုပ်ခတ် မှုများဖြစ်ပေါ်နေသည့်အတွက် သတိပြုရန်လိုအပ်ကြောင်းလည်း ဒုတိယညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းတို့၊ မြောက်ပိုင်းတို့မှာဆိုရင် ရေထုချပ်တိုးဝင်တဲ့အတွက် ဖြစ်တဲ့ ငလျင်တွေ နှစ်စဉ်နှစ်တိုင်းရှိနေတဲ့အတွက် ဒီဘက်မှာလည်း သတိပြုသင့်တယ်။

နောက် စစ်တွေမြို့အနီးမှာဆိုရင် အင်အားပြင်းပြီး ရှစ် ကျော်တဲ့ ငလျင်ကြီးတစ်ခုလှုပ်ရှားခဲ့ပြီး အဲ့ဒီငလျင်ကြီးရဲ့ အရှိန်က ဆူနာမီလှိုင်းဖြစ်ပေါ်ခဲ့ဖူးတဲ့အတွက် အဲ့ဒီဘက်အပိုင်းမှာတော့ မြေငလျင်သာမကဘဲ ဆူနာမီလည်း သတိပြုသင့်ပါတယ်” ဟု ပြောပါတယ်။

မြန်မာနိုင်ငံတွင် ၂ဝ၂ဝ တစ်နှစ်တာအတွင်း ငလျင် ၂၁၈ ကြိမ်လှုပ်ခတ်ခဲ့ပြီး အင်အားအသင့်အတင့်နှင့် အင်အားနည်း ငလျင် ၂၁၇ ကြိမ်နှင့် အင်အားပြင်းထန်သည့် ငလျင် တစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း ငလျင်ဌာနခွဲမှ သိရပါတယ်။

“အပေါ်အောက်ရွေ့တာရှိသလို ပွတ်ဆွဲနေတာမျိုးလည်းရှိတယ်။ ငလျင်အသေးတွေ ခဏခဏလှုပ်နေရင် တစ်ခါတစ်လေကျတော့လည်း ကောင်းတတ်တယ်။

အင်အားက လျော့သွားတဲ့အတွက် ငလျင်အကြီးကြီးလှုပ်ဖို့ အခွင့်အရေးနည်းသွားတာပေါ့။ တင်းခံနေရင်တော့ အခွင့်အရေးများတာပေါ့။

ဒါက တစ်မျိုး။ နောက်တစ်ခုကတော့ အကြီးကြီးတွေ လှုပ်ဖို့ အသေးလေးတွေ ပထမလှုပ်ပြီးတော့မှ အကြီးကြီးတွေ လာတာမျိုးလည်း ရှိပါတယ်။

တစ်ကမ္ဘာလုံးမှာ တထစ်ချပြောလို့တော့ မရပါဘူး ငလျင်က” ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်မောင်စန်းက ပြောပါတယ်။

ငလျင်လှုပ်ခတ်သည့် အကြိမ်အရေအတွက်မှာ တစ်နှစ်ထက် တစ်နှစ်ပိုများလာနေကြောင်း ငလျင်ဌာနခွဲ၏ မှတ်တမ်းများတွင် ဖော်ပြထားပါတယ်။