ကျောင်းမတက်ရင် ခွေးဖြစ်မယ်ဆိုတဲ့ စကားကို ယုံစားမိလို့ နောင်တရခဲ့သူတဦး (တကယ့်ဖြစ်ရပ်မှန်ပါ)

“ပညာမတတ်ရင် မင်းတို့ခွေးဖြစ်မယ်” လို့ မပြောမိဖို့ ကြိုးစားရမယ်။ “ကျောင်းမနေချင်ဘူး။ ပညာတတ်မဖြစ်ချင်ဘူးဆိုရင် မင်းတော့ ခွေးဖြစ်ပြီ။ ဟိုဘက်အိမ်က ကျင်ခါးမောင်ကို ကြည့်စမ်း။ သူများလို စာလေးဘာလေး ကျက်ဖို့ မကြိုးစားဘူး။

အားအားနေ အလေလိုက်နေဖို့ပဲ ကြိုးစားနေတယ်။ ခွေးဖြစ်မယ့်အကောင်” လို့ အိမ်ဘေးအိမ်က ပွစိပွစိအဒေါ်ကြီး စာမကျက်တဲ့သူ့သားကို ပြောပြောလေတိုင်း ကလေးဘာသာဘာဝ ကျွန်တော့်ကို မြှောက်နေမှန်းသိလို့ တမင် စာကျက်သံကိုမြှင့်ပြီး အော်ခဲ့တာကို ပြန်အမှတ်ရမိပါတယ်။

အဲ့ဒီငနဲကလေးက မခံချင်စိတ်ရှိရော့လေသလား မသိပါ။ ကျောင်းပါအပြီးထွက်လိုက်ပါတော့တယ်။ ကျွန်တော်က စာအုပ်ထဲက စာတွေ အပိုင်ကျက်ပြီး ဆုတံဆိပ်တွေ ပိုက်နေချိန်။

ဆုပေးစင်မြင့်ထက်မှာ လက်ခုပ်သံတွေကို ပြုံးဖြီးဖြီးနဲ့ စားသုံးနေချိန် ထိုငနဲက ငါးပိ၊ငါးခြောက်အနံ့တွေနဲ့ ငါးဒိုင်၊ ငါးပိ ငါးခြောက်ဒိုင်တွေကြားမှာ မထင်မရှား ကျင်လည်နေခဲ့ တာပေါ့။

ရက်တွေကတရွေ့ရွေ့။ ပြက္ခဒိန်တွေက တဖျက်ဖျက် လွင့်လူးခဲ့တယ်။ ခွေးမဖြစ်ဖို့ အရေးမိဘရဲ့ချွေးနှဲစာကလေးနဲ့ ခြိုးခြိုး ခြံခြံ ကျွန်တော်ပညာကို ဆည်းပူးခဲ့ပေါ့။

ဘွဲ့တွေဘာတွေရ ။ အလုပ်တွေဘာတွေရပေါ့။ ဘွဲ့ရ ရင်တော့ မိဘကို ပြန်ထောက်ပံ့နိုင်ပြီဆိုတဲ့ အတွေးဟာ အကောင်အထည် ဖော်ဖို့လုပ်တိုင်း ထွက်ထွက်ပြေးသွားတာ အခါခါ။

လူပျိုဘဝကတောင် ကိုယ့်လစာတစ်လစာဟာ ကိုယ့်အတွက် မလောက်ငတဲ့ကောင်ဟာ အိမ်ထောင်တွေ ဘာတွေကျ တော့ ပိုပြီးအသက်ရှူကျပ်ခဲ့တာ အမှန်။

အိမ်အရွဲ့အစောင်းလေးကို ၁၅ နှစ်လုံးလုံး စုဆောင်းထားတဲ့ ဆုတံဆိပ်လေးတွေနဲ့ ဘွဲ့တံဆိပ်တစ်ခုက ကျားမကန်နိုင် ခဲ့ဘူးလေ။ ရတဲ့လခက ၁၈၀၀၀၀ ။ အပိုဝင်ငွေလေးရအောင် အပိုအလုပ်လေး လုပ်ဖို့ကလည်း ကျွန်တော်က ဘာမှ လုပ်မတတ်။ လုပ်ဖို့အချိန်ကလည်းမရှိ။

ဝန်ထမ်းဆိုတာက ခုခေတ်မှာ မနိုင်ဝန်ကို ထမ်းနေရတယ်လို့ ယူဆမိတယ်။ ဒီအချိန်မှာတော့ အရင်က ခပ်နုပ်နုပ် ဘေးအိမ်လေးဟာ သုံးထပ်တိုက်ကြီးအသွင်ကို ပြောင်းသွားပြီ။ ”စာမတတ်ရင်ခွေးဖြစ်မယ်” ဆိုတဲ့ ပွစိပွစိ အဒေါ်ကြီးရဲ့ အသံကို မကြားရတော့။

ကျွန်တော်နဲ့နှိုင်းပြီး ဆူပူခံခဲ့ရတဲ့ ငနဲသားကတော့ ကားအကောင်းစားကြီး တစ်စီးပြီး တစ်စီးပြောင်းစီးလို့။ ငါးပိ၊ ငါးခြောက် လုပ်ငန်းနဲ့ ကြီးလို့ ပွားလို့လေ။

သူဝယ်ဝယ် လာပေးတဲ့ ခေါက်ဆွဲကြော်ထုပ်တွေဟာ ငါးပိနံ ငါးခြောက်နံ့ ကင်းသလောက် ကျွန်တော်တို့စားနေတဲ့ နေ့စဉ်ထမင်းဝိုင်းကတော့ ငါးပိနံ့ ငါးခြောက်နံ့မလွတ်။

ကျွန်တော်စီးနေတဲ့ ချိုင်းနားမိဒ် ဆိုင်ကယ်ကလေးနဲ့ သူ့ရဲ့ကားနဲ့ မယှဉ်ဝံ့။ ကျွန်တော်က ကျောင်းက စာရင်းဇယားတွေကို ညနက်တဲ့အထိ ထိုင်လုပ်နေရတဲ့ အချိန်မှာ သူက ဇိမ်ကျကျ အိပ်စက်အနားယူ နေခဲ့တယ်လေ။

“ကျောင်းဆရာ…အကူအညီလိုရင် ပြောနော်”ဆိုတဲ့ စကားက သူ့အတွက် ရိုးသားပေမယ့် ကျွန်တော့်အတွက် နာကျင်စရာ။ အားငယ်စရာ။ တကယ် ခွေးဖြစ်သွားခဲ့တာက သူလား။ ကျွန်တော်လား။

ပညာတတ်ဖြစ်သွားခဲ့တဲ့ ကျွန်တော်က ဒီအချိန်မှာ ဖုတ်လူး ပြာလူး။ ကျွန်တော့်သားသမီးကျရင် “ပညာမတတ်ရင် မင်းတို့ခွေးဖြစ်မယ်” လို့ မပြောမိဖို့ ကြိုးစားရမယ်။

ခု ကျွန်တော် ဆယ်တန်းစာစစ်အတွက် ရုံးမှာ အလုပ်လုပ်နေတယ်။ အမှားကလေး တစ်ချက်ဖြစ်တာနဲ့၊ သတိကလေး တစ်ချက် လွတ်တာနဲ့ အလုပ်ပြုတ်ရုံတင်မက ထောင်ပါကျနိုင်တယ် လို့ ဝန်ခံကတိပါ ထိုးထားရတယ်။

ငါးပိ ငါးခြောက်တွေ မှိုတက်သွားလို့ အိမ်ဘေးက ငနဲက စီးပွားပျက်မသွား။ အလုပ်ပျက်မသွား။ ထောင်ကျမသွား။ ဒီအချိန်မှာခုံနံပါတ်လေးတစ်ခု မှားသွား၊ ကျား၊ မ လေးမှားသွားတာနဲ့ မောင်ကျင်ခါးတို့ထောင်နှုတ်ခမ်းနားနီးပြီဆိုတာ။ (ကျင်ခါးမောင်