စားအုန်းဆီ ပွဲစားတချို့ကို ဖမ်းထားပေမယ့် တပိဿာ ၈၃၀၀ ဖြစ် (စားဆီဈေး ထပ်တက်ပါတော့မယ်)

စကစ လက်အောက်ခံ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီက ရန်ကုန်အထိုင်ဈေးအဖြစ် စားအုန်းဆီတစ်ပိဿာကို ၅,၇၂၅ ကျပ်လို့ သတ်မှတ်ထားပေမယ့် လက်လီဈေးကွက်မှာတော့ ကျပ် ၈,၃၀၀ ခန့် ပေးဝယ်နေရတယ်လို့ သိရပါတယ်။

“ပုံသေဈေးနှုန်းက ကျပ် ၅,၀၀၀ ကျော်လောက်ပဲ ရှိတယ်။ တကယ်တမ်းကျတော့ ၈,၀၀၀ လောက် ပေးဝယ်နေရတယ်။ တာဝန်ရှိသူတွေအနေနဲ့ အခြေအနေကို လေ့လာပြီး ဈေးကစားသူတွေကို အရေးယူသင့်တယ်’’လို့ သုံးစွဲသူတစ်ဦးက ပြောထားပါတယ်။

“ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်’’ဖြစ်ကြောင်း ကြီးကြပ်ရေးကော်မတီက အသိပေးထားပါတယ်။

စကစ လက်အောက်ခံ စီးပွား/ကူးသန်းဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနဲ့အညီ ပြည်တွင်းဈေးကွက်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းများ ဖြစ်ပေါ်လာစေရေးအတွက် ထိန်းကျောင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ စားအုန်းဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခဲ့ပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ FOB ဈေးနှုန်းများအပေါ် အခြေခံကာ ဇွန်လ ၅ ရက်နေ့အထိ တစ်ပိဿာဈေး ၅,၇၂၅ ကျပ်လို့ ကြေညာထားပါတယ်။

ဒီဈေးက မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများကို ထည့်သွင်းတွက်ချက်ထားခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က စားဆီနဲ့ပတ်သက်ပြီး ခွဲတမ်းပေးဝေမှုပုံစံမမှန်တာတွေ တွေ့ရှိခဲ့လို့ ဆီအသင်းက အသင်းဝင် အချို့ အပါအဝင် ထိမ်းသိမ်းခံရတယ်လို့ သတင်းကြားသိရပါတယ်။ အခုလည်း စားဆီတင်သွင်းသူတွေနဲ့ လက်ကားရောင်းချသူတွေအကြားက ပွဲစားတွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ကြားပွဲစားတွေဟာ ဒီလိုစားဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အချိန်မှာ တင်သွင်းသူနဲ့ လက်ကားဖြန့်ဖြူးသူတွေအကြားမှာ ခလောက်ဆံပြီး တစ်ပိသာ ၈၃၀၀ ကျော်အထိ ဈေးခေါ်ရောင်းချနေတယ်လို့သိရပါတယ်။ ပွဲစားတွေဟာ လုပ်ငန်းလိုင်စင် မရှိဘဲ အရောင်းအဝယ်လုပ်နေတာဖြစ်ပြီး အစိုးရ အဆက်ဆက် အခွန်ထမ်းဆောင်ခဲ့ခြင်းလည်း မရှိဘူးလို့ သိရပါတယ်