မီးပြတ်သွားလို့ သတို့သားချင်းမှားပြီး လက်ထပ်မိခဲ့တဲ့ ညီအစ်မနှစ်ဦး

အိန္ဒိယနိုင်ငံက ညီအစ်မ သုံးစုံတွဲမင်္ဂလာပွဲတစ်ခုမှာ ညီအစ်မနှစ်ယောက်ဟာ လက်ထပ်ရမယ့် သတို့သားချင်း လွဲမှားပြီး လက်ထပ်မိခဲ့ကြတယ်လို့ သိရပါတယ်။ အခင်းဖြစ်စဉ်မှာ အပြစ်တင်ရမယ့်အဖွဲ့ကတော့ လျပ်စစ်မီးအဖွဲ့လို့ ဆိုရပါမယ်။

သတို့သားသတို့သမီးတွေ မင်္ဂလာခမ်းအတွင်း လျှောက်လှမ်းကြဖို့ ပြင်ဆင်နေချိန် လျပ်စစ်မီး ပြတ်တောက်သွားခဲ့တာကြောင့် ညီအစ်မနှစ်ယောက်ဟာ သတို့သားချင်း မှားပြီး တွဲခဲ့မိကြပါတယ်။ ကျန်တစ်ယောက်ကတော့ သူမရဲ့ အိမ်ထောင်ဘက်အမှန်ကို တွဲနိုင်ခဲ့ပါတယ်။

အောင်ဘိသိက် သွန်းလောင်းဖို့ပြင်ဆင်ချိန်မှာတော့ ဖုံးကွယ်ထားတဲ့ အဝတ်အစားတွေ ဖယ်လိုက်ကာမှ သူတို့တတွေ လူမှားပြီး တွဲလိုက်မိကြပြီဆိုတာ သဘောပေါက်ကြပါတော့တယ်။ ကျန်ညီအစ်မတစ်ယောက်ကတော့ အမှားအယွင်းမရှိ၊ မှန်ကန်တဲ့ အိမ်ထောင်ဘက်နဲ့ လက်ထပ်နိုင်ခဲ့ပါတယ်။

အမှားအယွင်းဖြစ်ခဲ့တဲ့ သတို့သမီးတွေရဲ့အမည်မှာ Nikita နဲ့ Karishma တို့ဖြစ်ကြပြီး၊ သူတို့နှစ်ယောက်ကို အခြားညီမဖြစ်သူနဲ့အတူ မိဘတွေက တပြိုင်နက်တည်း မင်္ဂလာဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ လူမှားခဲ့တဲ့ သတို့သားတွေရဲ့အမည်ကတော့ Dangwara Bhola နဲ့ Ganesh တို့ဟု သိရပြီး-

သူတို့ကတော့ မတူညီတဲ့ မိသားစုတွေရဲ့ သားတွေ ဖြစ်ကြပါတယ်။ ဖြစ်ချင်တော့ ညီအစ်မသုံးယောက်ဟာ သတို့သမီးဝတ်စုံကို ဆင်တူဝတ်ဆင် ခဲ့ကြပါတယ်။ မီးပြတ်ချိန်မှာ Bhola နဲ့ Ganesh တို့ ဘယ်သူက သူတို့ရဲ့သတို့သမီးအမှန်ဆိုတာ ချက်ချင်းသိဖို့ မလွယ်ခဲ့ပါဘူး။

ဆွေမျိုးသားချင်းအချို့ကတော့-ဒီမင်္ဂလာပွဲကို မပြင်ဆင်ဘဲ အမှားအတိုင်း တရားဝင် ဆက်ပြီးကျင်းပဖို့ တိုက်တွန်းခဲ့ကြပါသတဲ့။ နတ်ဘုရားတွေက ဒီလိုဖြစ်စေချင်တဲ့ ဆန္ဒရှိနေလို့ဆိုပြီး အကြောင်းပြချက်ပေးကြပါတယ်။
ဒါပေမယ့် သတို့သမီးတွေရဲ့ဖခင် Rameshlal Railot ကတော့ ချက်ချင်းပဲ မင်္ဂလာပွဲကို အမှန်အတိုင်း ပြန်ပြင်ဆင်စေပြီး ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

ဘာသာပြန် – လင်းဇော်ကို

ကိုးကား – ယူနီလက်ဒ်