အတိတ်တဘောင် နိမိတ်ဆောင်လို့ အဘ သတိပေး ရေးသားပါရစေ…..

အတိတ်တဘောင် နိမိတ်ဆောင်လို့ အဘ သတိပေး ရေးသားပါရစေ။

၂၀၁၅ ခုနှစ်မှာ ကျိုက်ထီးရိုးဘုရားကို မိုးကြိုးပစ်ရာ ရွှေ ခုနှစ်ပိသာ ကွာကျခဲ့ပါတယ်။ အဲ့ချိန်မှာ အုပ်ချုပ် မင်းလုပ်နေတဲ့ ပြည်ခိုင်ဖြိုးပါတီ ဦးသိန်းစိန် အစိုးရဟာ မဲရှုံးပြီး ပြုတ်ကျခဲ့ပါတယ်။

စစ်တပ်ရော၊ ပြည်ခိုင်ဖြိုးအဖွဲ့ရော လုံးဝ မထင်မှတ်ထားတာကြောင့် အစိုးရအိမ်တော်တွေမှာ သူတို့တွေ ပြင်ဆင်ထားတဲ့ အဆောက်အဦးတွေ၊ အဲကွန်း လေအေးပေးစက်တွေ ဖြုတ်ကြ၊ ဖျက်ချကြ၊ စိုက်ထားတဲ့ အပင်တွေ၊ မြက်ခင်းတွေ တူးယူကြနဲ့ အတော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။

၂၀၁၉ မှာ တခါ မိုးကြိုးထိမှန်ပြီး ကျိုက်ထီးရိုးဘုရား ရွှေ ၇၂ ကျပ်သား ကွာကျခဲ့ပြန်ပါတယ်။ အဲ့ဒီခေတ်မှာ တာဝန်ယူထားတဲ့ အယ်နံဒီ အစိုးရဟာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် နိုင်ခဲ့ပေမယ့်လည်း စစ်အာဏာ သိမ်းခံလိုက်ရပါတယ်။ အယ်နံဒီ အစိုးရ ပြုတ်ကျသွားပါတယ်။

ဟော.. အခု ၂၀၂၂ မေ ၁၆ မှာ ကျိုက်ထီးရိုး ဘုရားကြီး မိုးကြိုး ထပ်ခပြန်ပါပြီ။ လက်ရှိ အာဏာယူထားတဲ့သူတွေ၊ ယခု အုပ်ချုပ်နေတဲ့ စစ်အစိုးရ တဖွဲ့လုံးအတွက် လုံးဝ နိမိတ်မကောင်းပါ။

သမားစဥ်အရ၊ အတိတ်တဘောင် အရ ပြောရမယ်ဆိုရင်.. စစ်အာဏာသိမ်း အဖွဲ့ရဲ့ ကံကြမ္မာဟာ လုံးဝ အပျက်ဖက်ကို ရောက်သွားပါပြီ။

ဘုရားကြီးပေါ်က ရွှေသားတွေ အက်ကွဲကုန်တဲ့အတွက် ခေါင်းဆောင်ပိုင်းသာ ကွာကျတာမျိုးတင်မဟုတ်ပဲ အာဏာယူထားတဲ့ အဖွဲ့ကြီးတခုလုံး ကွဲအက်ပြိုပျက်ရမယ့် နိမိတ် ဖြစ်နေပါတယ်။

ငလျင်နိမိတ်ဆိုရင် မြေနတ်မင်း ဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေနဲ့ပါ သက်ဆိုင်တဲ့ နိမိတ် ဖြစ်တာမို့ ယျတြာချေလို့ ရနိုင်ပါသေးတယ်။ မြေနတ်မင်း ကျေနပ်အောင် တောင်းပန်နိုင်ရင် ရနိုင်ပါ​သေးတယ်။

မိုးကြိုးကတော့ သိကြားလက်နက်ပါ။ အုပ်ချုပ်သူတွေနဲ့သာ ဆိုင်တဲ့နိမိတ်ပါ။ ယျတြာချေလို့ မရပါ။ အကုသိုလ် လမ်းဆုံးသွားပြီမို့ တောင်းပန်၍လည်း မရပါ။

သိကြားသာသနာ ဖြစ်တာမို့ အုပ်ချုပ်သူ မင်းရာဇာနဲ့ အပေါင်းအပါများ ကျဆုံးခန်းဟာဖြင့် မနှေးအမြန် ရောက်လာတော့မှာ မလွဲ​ကေန် ဖြစ်ပါတယ်။

သံသရာပါဆက်မယ့် အကြောင်းတရားမို့ လက်ရှိ မင်းမှုထမ်း၊ စစ်သည်ဗိုလ်ပါများအနေဖြင့် မင်းစိုးရာဇာတို့ရဲ့ အကုသိုလ် စက်ကွင်းကနေ လွှတ်မြောက်နိုင်စေဖို့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ အမြန်ဆုံး စွန့်ခွာနိုင်ကြစေရန် သတိပေးလိုက်ပါရစေ။

#ပထမံဆရာဘီ #ဘိုးတော်အဘဘီ #credit