မြန်မာတနိုင်ငံလုံး မိုးရာသီ စတင်မယ့်နေ့နဲ့ မိုးကြီးပြီး စိုးရိမ်ရမယ့် ဒေသများ

မေလ ၁၈ ရက်နေ့က စ ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရာသီ စတင်တော့မယ်လို့ model ခန့်မှန်းချက်တွေမှာ တွေ့လာရပါပြီ။

စိုးရိမ်စရာကောင်းတဲ့ မုန်တိုင်းဖြစ်နိုင်မယ်ဆိုတဲ့ ခန့်မှန်းချက်မရှိတော့ပေမဲ့အနောက်တောင်မုတ်သုံလေအားကောင်းပြီး မိုးကြီးလာတော့မယ့် ရက်တွေမှာတော့ မိုးများနိုင်မဲ့ ဒေသတွေမှာ တောင်ကျချောင်းရေရုတ်တရက်ကျဆင်းလာနိုင်တာ၊ မိုးရာသီ အစပိုင်းကာလဖြစ်တဲ့အတွက် လေပြင်းရုတ်တရက်တိုက်ခတ်နိုင်တာနဲ့ မိုးကြိုးပစ်တာခံရနိုင်မဲ့ အခြေအနေတွေကို သတိထားကြရပါတော့မယ်။

တစ်နိုင်ငံလုံးအတွက် ခြုံပြောရရင်တော့ မြန်မာပြည်တောင်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း မိုးပိုလာနိုင်ပါလိမ့်မယ်။ ကျန်တဲ့ ဒေသ တော်တော်များများမှာတော့ မိုးအသင့်အတင့်လောက်ပဲ ရွာနိုင်ပါမယ်။

မြန်မာသက္ကရာဇ်၊ ၁၃၈၄ ခုနှစ် ကဆုန်လပြည့်နေ့၊ မေလ ၁၄ ရက်နေ့ ECMWF Model ကြိုတင်ခန့်မှန်းချက်မှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်လာမဲ့ Cyclonic Circulation or Low Pressure Area ရဲ့ အခြေအနေဟာ အားကောင်းလာမဲ့ မုတ်သုံလေအားကြောင့် မြန်မာနိုင်ငံဘက်(ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း)ကို ရွေ့လျားလာမှာဖြစ်ပေမဲ့ အရင်နေ့တွေမှာ စိုးရိမ်ခဲ့ရသလို မုန်တိုင်းအဆင့်အထိ ရောက်မလာနိုင်တော့ကြောင်း တွေ့ရပါတယ်။

အနောက်တောင်မုတ်သုံလေကတော့ အားကောင်းရာမှ အားအလွန်ကောင်းလာမှာဖြစ်ပြီး မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ ၁၀ ရက်အတွင်း အများဆုံးမိုးရေချိန်(၂၅ လက်မခန့်အထိ) ရွာသွန်းနိုင်မှာဖြစ်ကြောင်း ခန့်မှန်းချက်မှာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း(ဧရာဝတီမြစ်ဝကျွန်းပေါ်)နဲ့ တောင်ပိုင်း မွန်တနင်္သာရီကမ်းရိုးတန်း ဒေသတွေမှာ လာမဲ့ ၁၀ ရက်အတွင်း အများဆုံး ရွာသွန်းနိုင်မဲ့မိုးရေချိန်တွေကိုလဲ ပုံများမှာ တွေ့နိုင်ပါမယ်။

အချုပ်ပြန်ပြောရရင် စိုးရိမ်စရာ မုန်တိုင်းကြီး ဖြစ်လာနိုင်မဲ့ အခြေအနေ မရှိတော့ပါ။ လာမဲ့ ၅ ရက်အတွင်း မုတ်သုံလေအားအလွန်ကောင်းတဲ့ အချိန်ကိုရောက်လာပြီး တစ်နိုင်ငံလုံး မိုးရွာသွန်းမှုများလာနိုင်ပါမယ်။

Win Nain