“သူနဲ့ အရမ်းရင်းနှီးတဲ့သူကို ပြောပြခဲ့တဲ့ အမေစုရဲ့ ” ကျောက်ခဲဟင်းချို”ပုံပြင်လေး”

” အမေစုပြောတဲ့ #ကျောက်ခဲဟင်းချို ”

အန်တီနဲ့ အနီးကပ်နေခဲ့စဉ်အချိန်တွေမှာ ညဘက်ဆို အိမ်ထဲမှာ ၂ ယောက်တည်းပေါ့။

ည၇နာရီလောက်ကျရင် အန်တီက ကျမနဲ့အတူ TV ဇာတ်လမ်း (အဲဒီအချိန်က ပေါင်ချိန်တရုတ်ကား) ကို ၇:၃၀ နာရီအထိလာကြည့်ပေးတယ်။ ပြီးရင် အန်တီက သူ့အခန်းပြန်ပြီးအလုပ်လုပ်တယ်။

ကျမက၈ နာရီဇာတ်လမ်းပြီးအောင်ကြည့်တယ်။ ပြီးရင်ကျမလည်း လုပ်စရာရှိတာဆက်လုပ်တာပေါ့။

နံနက်breakfast စားချိန်ကျရင် ညက အန်တီမကြည့်လိုက်ရတဲ့ ဇာတ်လမ်းလေးကို ပြောပြရတယ်။ပြီးတော့အဲဒီဇာတ်လမ်းအပေါ် သူ့အမြင်၊ ကိုယ့်အမြင်တွေနဲ့ဝေဖန်သုံးသပ်ကြတဲ့ နေ့တွေလည်း ရှိခဲ့ပါတယ်။

တခါတရံ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့အထ္ထုပ္ပတိဇာတ်ကားကို အန်တီက ဘာသာပြန်ပေးပြီး အတူကြည့်ခဲ့ဖူးတယ်။ ပြီးတော့အဲဒီပုဂ္ဂိုလ်ရဲ့လေးစားအတုယူစရာကောင်းတဲ့ အချက်တွေကို အန်တီက ထုတ်နှုတ်ပြလေ့ရှိတယ်။

ညလုံးပေါက်မအိပ်ဘဲ စကားပြောတဲ့နေ့များမှာလည်း အန်တီပြောတဲ့ ပုံပြင်လေးတွေကို နားထောင်ခွင့် ရခဲ့ပါတယ်။ အန်တီပြောခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကတော့ အရသာရှိသောကျောက်ခဲဟင်းချိုလေးဆိုတဲ့ ပုံပြင်လေးပါဘဲ။

ကျမအကျဉ်းချုံးပြီး ပြောပါ့မယ်။စစ်ပွဲကြီးပြီးသွားပေမယ့် တောတောင်တွေထဲမှာ ကျန်နေသေးတဲ့ စစ်သားတွေ ရှိနေသေးတာပေါ့။ တနေ့မှာတော့ စစ်သားတစ်ယောက်ဟာ ရွာထဲကို ရောက်လာတယ်။

သူ့မှာ စစ်ထမင်းဘူးနဲ့ မီးခြစ်လေးသာ ကျန်ရှိပြီး စားစရာ၊ဝတ်စရာဆိုလို့ ဘာမှမရှိဘူးပေါ့။သူကရွာလယ်ခေါင်မှာ ထင်းရှားတယ်။ စစ်ထမင်းချိုင့်လေးနဲ့ ရေခပ်ပြီး မီးဖိုလေး မွှေးတယ်။ အဲဒီပေါ်မှာ စစ်ထမင်းချိုင့်လေးကိုတင် ကျောက်ခဲလေးကိုထည့်ပြီး တည်ထားတယ်။

သူရဲ့ထူးဆန်းတဲ့ အပြုအမူကြောင့် ရွာသားတွေ စိတ်ဝင်စားလာတယ်။ခဏအကြာ ရွာသားတစ်ယောက်က လာမေးတယ်။

ခင်ဗျားဘာလုပ်နေတာလဲပေါ့။

သူက ကျောက်ခဲဟင်းချိုလေးချက်နေတာပါ။

ကျောက်ခဲကဟင်းချက်လို့ ရလားလို့ မေးတယ်။

သူက သိပ်ရတာပေါ့ဗျာ။

ကျောက်ခဲဟင်းရည်က ကောင်းသလား? လို့ ဆိုပြန်တယ်။

သူကလည်း ကောင်းတာပေါ့ဗျာ၊ ဒါပေမယ့် ကြက်သွန်နီလေးသာပါရင် ပိုကောင်းတာပေါ့လို့ပြောတော့ အဲဒီရွာသားကသူ့အိမ်မှာရှိတဲ့ ကြက်သွန်နီလေး တစ်လုံးလာပေးတယ်။

တအောင့်ကြာတော့ နောက်တစ်ယောက်က လာမေးပြန်တယ်။ သူကလည်း ထုံးစံအတိုင်းဖြေပြီး ငါးလေးပါရင်တော့ ပိုကောင်းတာပေါ့! ဆိုပြန်တယ်။

အဲဒီလူကလည်း သူ့မှာရှိတဲ့ ငါးအနည်းငယ်ကို လာပေးသွားပြန်တယ်။ဒီလိုနဲ့ တစ်ယောက်မှစ၍ လာမေးကြရင်း သူကလည်းဟင်းရည်ထဲမှာ ပါဝင်ရမည့် အမျိုးအမည်တွေကို တစ်ဦးချင်းစီမှာ ယခင်ကအတိုင်း ပြောဆိုတယ်။

တစ်ဦးချင်းစီကလည်း သူတို့နိုင်သလောက်လေးတွေပေးကြတာပေါ့။ နောက်ဆုံးမှာတော့ အရသာရှိတဲ့ ကျောက်ခဲဟင်းချိုလေးတစ်ခွက် ရရှိခဲ့ပါတော့တယ်။

အဲဒီပုံပြင်ပြီးတော့ ကျမတို့ သူ့အမြင် ကိုယ့်အမြင်သုံးသပ်တယ်။ ကျမကတော့ လွယ်လင့်တကူ တောင်းဆိုပြီး “စားရေး”ခက်ခဲမှုကို မဖြေရှင်းတဲ့ စိတ်ဓာတ်နဲ့
ကိုယ့်အားကိုယ်ကိုးပြီး အမျှော်အမြင်နဲ့ လူတွေပါလာအောင် စည်းရုံးနိုင်တဲ့ စွမ်းရည်ကို ချီးကျူးမိတယ်။

အန်တီကတော့ တစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှုနဲ့ စတင်ပြီး အများပါဝင်လာခဲ့မှုကြောင့် “ကျောက်ခဲတောင်မှ အရသာရှိတဲ့ဟင်းချို”ဖြစ်ခဲ့သေးတာ အန်တီတို့ ပြည်သူတွေ တစ်ဦးချင်းရဲ့ ပါဝင်မှုကစပြီး အများပါဝင် ညီညွတ်ကြရင် အန်တီတို့ရည်မှန်းတဲ့ ဒီမိုကရေစီ ဘာလို့မရနိုင်ရမှာလဲ။ရကိုရမှာပေါ့ လို့ ပြောခဲ့တယ်။

ဒီကနေ့ ကျမတို့ ကိုယ့်အားကိုယ်ကိုးပြီး အမျှော်အမြင်ကြီးစွာနဲ့ အများပါဝင်လာအောင် စည်းရုံးနိုင်သော ခေါင်းဆောင်ကောင်းနောက်မှာ အရသာရှိသော ကျောက်ခဲဟင်းချိုလေး (သို့) ရေရှည်တည်တံ့ခိုင်မြဲမည့် ဖွံ့ဖြိုးတိုးတက်သောမြန်မာနိုင်ငံသစ်ကြီးတစ်ခုအဖြစ်ပြောင်းလဲရန်ကောင်းမွန်သော စံနစ်တစ်ခုကို တက်ညီလက်ညီညီညွတ်စွာပြောင်းလဲကြပါစို့။

Credit to Ma Htwe

လေးစားစွာပြန်လည်မျှဝေပါသည်

Khant Nyar Thu

ခန့်ညားသူGroup (မြန်မာ့သမိုင်းကြောင်းရာများစိတ်ဝင်စားသူ)