၁၀ မှတ်ဖိုး ဖြေလည်း အအောင်ပေးမယ့် စကစ ဆယ်တန်းအောင်စာရင်း ထွက်မယ့်နေ့ ကြေညာပြီ

စကစ လက်ထက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွေကို ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်သွားဖို့ရှိတယ်လို့ ကနဦးသတင်းများအရ သိရပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က စပြီး ဧပြီလ ၉ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်တဲ့နေ့ ဇွန်လ ၁၆ရက်နေ့မှာ လုံခြုံရေးပိုင်းဆိုင်ရာနဲ့ စပ်လျဉ်းပြီး စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားမှုများရှိတယ်လို့လည်း သိရပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသူကျောင်းသားဦးရေ ၃သိန်းကျော်ရှိတယ်လို့ စကစက ပြောဆိုခဲ့ပါတယ်။

သို့သော်လည်း တက္ကသိုလ်ဝန်တန်းစာမေးပွဲ ပထမနေ့မှာ လာရောက်ဖြေဆိုသူသည် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၈၀၀၀၀ကျော်သာရှိပြီး စကစဘက်ကတော့ လာရောက်ဖြေဆိုသူ ၉၀.၁၈ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး ပထမဆုံး ပြန်လုပ်တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဖြေသမျှလူ အားလုံး အအောင်ပေးမယ်ဆိုတဲ့ သတင်းကြောင့် ယခင်က ဘယ်နှကြိမ် ဖြေဖြေ မအောင်ခဲ့တဲ့သူတွေပါ ဝင်ရောင် ဖြေဆိုကြတာကို တွေ့ရပါတယ်။

ကိုဗစ်ကာလထဲမှာ စကစက ကျောင်းတွေကို ဇွတ်ဖွင့်ပေမယ့် လုံခြုံမှု မပေးနိုင်ခြင်း၊ ကိုဗစ် ကူးစက်ခြင်းတို့ကြောင့် စာသင်ချိန် စုစုပေါင်း ၃ လနီးပါးခန့်သာ ရှိခဲ့တာကိုသာ တွေ့ရပါတယ်။

လာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ သတင်းထွက်တဲ့အတိုင်း ဖြေသမျှလူ အကုန်အောင်သွားမလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်

UNICODE






