သီလရှင်ဝတ်ခြင်းအကျိုး

သီလရှင်ဝတ်ခြင်းအကျိုး

သီလရှင်ဝတ်ခြင်းသည်

ဗုဒ္ဓစာပေတွင်

၁။ ဥပသမ္ပဒ ပဗ္ဗဇ္ဇ

၂။ သာမဏေရ ပဗ္ဗဇ္ဇ

၃။ ဣသိ ပဗ္ဗဇ္ဇ

၄။ ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ ၄-မျိုး ရှိပါသည်။

ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့ပြုခြင်းနှင့် သီလရှင်ပြုခြင်းဟု ဆိုရပါမည်။

သီလရှင်မှာ အမှတ် ၄-ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍ မိန်းကလေးတဦးအနေဖြင့် မိမိ၏ အလှအပ ဗန်းတင်ပစ္စည်း ဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခဲယဉ်းသော ကိစ္စဖြစ်၍ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နိက္ခမပါရမီ တမျိုးပင် ဖြစ်ပါသည်။

ထို့နောက် လူ၀တ်ကြောင်ကိုပယ်၍ သီလရှင်၀တ် ဖန်ရည်ဆိုး၀တ်ကို ၀တ်ကာ လူတို့ဆောက်တည်နိုင်ခဲသော ၈-ပါး ၉-ပါး ၁၀-ပါး သီလများကို နိစ္စ ဆောက်တည်နေနိုင်ခြင်း။

စာပေကျမ်းဂန် သင်အံနိုင်ခြင်း၊ တရားစာပေ လေ့လာခြင်း၊ သမထ ဝိပဿနာ ဘာ၀နာများကို ပွားများနေထိုင်ခြင်း စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ မိန်းမဘ၀ပင် ဖြစ်သော်လည်း အလွန်ရခဲသော ဒုလ္လဘတရားကို ရခြင်းဖြစ်၍ အထူးမြင့်မြတ်လှပါသည်။

ဘဝပေါင်းများစွာက လင်ယူ သားမွေး လောကီရေး ကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိနယ်ပယ်တွင် ကျင်လည်ရာ ကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ ယခု ဘုရားသာသနာနှင့်တွေ့ခိုက်တွင် မဂ်ဖိုလ်ရရေး အသက်ပေး အားထုတ်ရခြင်း၊

သာသနာနွယ်၀င် ဖြစ်ခွင့်ရခြင်းတို့မှာ ဘ၀၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်၊ သမီးကို မိမိတို့ကိုယ်တိုင် ဘုရားသမီးတော်ဘ၀သို့ ပို့ဆောင်ပေးကြသော မိဘများမှာလည်း သာသနာနုဂ္ဂဟ ကုသိုလ်ထူးကို ဆည်းပူးကြသူများပင်ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။

Credit- ဓမ္မ ရေချမ်းစင်

“သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့်ပါသလား ”

“သီလရှင်”စတင်ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းကို အရင် သိထားဖို့လိုအပ်ပါတယ်။ မြတ်စွာဘုရားရှင် လက်ထက်တော် အခါကာလမှာ မိထွေးတော် ဂေါတမီ ကို အကြောင်းပြုပြီး “အမျိုးသမီး သာသနာ” စတင်ပေါ်ထွန်း ခဲ့ပါတယ်။

စာလိုပေလိုတော့ “ဘိက္ခူနီ သာသနာ” လို့ခေါ်တာပေါ့။အဲဒီသာသနာ ဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ပြီး နှစ်ပေါင်း(၅၀၀)လောက် မှာပဲ အပြီးတိုင် ပျောက်ကွယ် ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမျိုးသမီးတွေ မြတ်စွာ ဘုရားရဲ့ ဝိနည်း သိက္ခာ ပုဒ်တွေ ကို ထိန်းသိမ်းနိုင်သူ မိမိကိုယ်ကို ကာကွယ် စောင့်ရှောက်နိုင်စွမ်း ရှိသူတွေ မပေါ်ထွန်းတော့ လို့ပါပဲ။

မြန်မာနိုင်ငံတွင် သာသနာနှစ် (၉၀၀-၁၄၀၀) အတွင်းမှာ အမျိုးသမီးတွေ သာသနာတွင်း ဝင်ရောက် လာခြင်း မှစ၍ “သီလရှင် သာသနာ” စတင်ပေါ်ထွန်း ခဲ့ပါတယ်။ကုန်းဘောင်ခေတ် အရောက်မှာတော့ သာသနာပိုင် ရှမ်းကလေးကျွန်း ဆရာတော် ရဲ့ ညီမ အရင်းဖြစ်ပြီး အလွန် နာမည်ကြီးတဲ့ သီလရှင် “မယ်ကင်း”(ဘွဲ့အမည် ကတော့ “မယ်ခေမာ”) ရဲ့ ကြိုးစား အားထုတ်မှုကြောင့် မြန်မာနိုင်ငံ သီလရှင် သာသနာ ဟာ ထွန်းတောက် လာခဲ့ ပါတော့တယ်။

ဒါဟာ “သီလရှင် သာသနာသမိုင်း” အကျဉ်းချုပ်ပါ။အမျိုးသမီးတွေ ဟာ သီလရှင် ဝတ်ပြီ ဆိုတာနဲ့ ရဟန်းတော် တစ်ပါးပါး ထံမှာ ရှစ်ပါး သို့မဟုတ် ကိုးပါးသီလ ကို ခံယူ ဆောက်တည် ကြရပါတယ်။ သီလရှင် အချင်းချင်း ထံမှာ သီလရှင် ဝတ်လို့ မရပါဘူး။

သီလရှင်ဖြစ်ပြီ ဆိုတာ နဲ့ လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သေခိယ(၇၅)ပါးစတဲ့ ကျင့်ဝတ် တရားတွေ ကို စောင့် ထိန်းကြဖို့ ဆရာတော်က မိန့်ကြားရပါတယ်။

ဒါဆိုရင် “သီလရှင် ကို အမျိုးသားတွေ ရှိခိုး သင့် မသင့်”ဆိုတာ ရိပ်မိလောက်ပြီ ထင်ပါတယ်။

ဗုဒ္ဓသာသနာတော် မှာ ရှိခိုး ပူဇော်ခြင်း ဆိုတာဟာ သီလနဲ့ သာသနာတော်ကို သာ ရှိခိုး ပူဇော်တာဖြစ်ပြီး ပုဂ္ဂိုလ်ကို အဓိက ထားတာ မဟုတ်ပါဘူး။

ပုဂ္ဂိုလ် ကို ကြည့်မယ် ဆိုရင်တော့ သူလည်း ခန္ဓာငါးပါး ကိုယ်လဲ ခန္ဓာငါးပါး ထူးခြားမှု မရှိပါဘူး။

များသော အားဖြင့် ငါးပါးသီလ သာ စောင့်ထိန်းကြ တဲ့ အမျိုးသားတွေဟာ သီလရှင်တွေ ကို သူတို့ပြုစုနေတဲ့ သာသနာတော်နဲ့ သူတို့စောင့်ထိန်း ထားတဲ့ သီလသိက္ခာတွေ ကျင့်ဝတ် တရားတွေ ကို ပူဇော်တယ် လို့ သဘောထားပြီး ရှိခိုးပူဇော်မယ် ဆိုရင် ကုသိုလ်တွေ ပွားနိုင်ပါတယ်။

ထို့အပြင် (မိန်းမတွေ ဟာ ယောက်ျားတွေ ထက် ယုတ်ညံ့တယ် ဆိုတာလည်း မဖြစ်နိုင်တဲ့ အတွက် ကိုယ့်ထက် အသက် သိက္ခာကြီးမား တဲ့ အမျိုးသမီးတွေ သီလရှင်တွေ ကို ကန်တော့ခြင်းဟာ ဘုန်းနိမ့် တယ် ဆိုတာ မမှန်ကန်ပါဘူး)။

တစ်ချို့အမျိုးသမီးတွေတောင် မရှိခိုးကြ ပါဘူး။သီလရှင်ရှိခိုးရင် ဘုန်းနိမ့် သလို လိုဘာလိုလို နဲ့ မရှိခိုးကြ ဘူး တစ်ကယ်တော့ သီလရှင်မှာ လဲ သိက္ခာပုဒ်တွေ အများကြီးရှိပါတယ်။ လူတွေမှာက ငါးပါးသီလ ပဲ စောင့်ကြ တယ်။

ငါးပါးသီလတောင် လူတိုင်း မမြဲကြပါဘူး။ ဒါကြောင့် အမှန်တကယ် သီလရှင် ကို ရှိခိုးသင့်ပါတယ်။ ကိုယ်ရဲ့ အမေ အမတွေတောင် ရှိခိုးသေးတာပဲ သိက္ခာ ပုဒ်စောင့်ထိန်းပြီး ဘုရား သာသနာတွင်း မှာနေတဲ့ သီလရှင် ဆိုတော့ ပိုပြီးတော့တောင် ရှိခိုးရမှာပါ ။

သီလရှင်တွေ ကို ရှိခိုးရင် ဘုန်းနိမ့် သလိုလို ကံနိမ့် သလိုလို နဲ့မရှိခိုးပဲ လူနဲ့တန်းတူ ဆက်ဆံ တာတွေ တွေ့ရမြင်ရတာ တကယ် စိတ်မချမ်းသာ စရာတွေပါ။အားလုံး တရား အမှန်ကို သိကြပါစေ။

Credit – ရွှေဘုန်း(စေတနာပန်းခင်းဆရာတော်)

ြပန်လည်မျှဝေပေးပါသည်