ဖတ်ကြည့်လိုက်ဗျာ အရမ်းကောင်းလို့ပါ
“အမွေ”
သားကြီး ဘွဲ့ယူပြီး ပြန်လာတဲ့နေ့ကပေါ့…
“သား… ညကျရင် သားနဲ့ ဖေဖေစကားပြောဖို့ရှိတယ်။”
ကျနော်ရယ် ကျနော့်ဇနီးရယ်… ကျနော့်သားကြီးရယ် ဆွေးနွေးမှုလေးတစ်ခု လုပ်ဖြစ်ခဲ့သည်။
“အခု သား ဝါသနာပါတဲ့ တက္ကသိုလ်တစ်ခုအောင်မြင်ပြီးမြောက်ခဲ့ပြီ။သားလိုချင်တဲ့ ဘွဲ့ တစ်ခုရ ခဲ့ပြီ။
ဖေဖေ့ဘက်က သားအပေါ် တာဝန်မကျေတာဘာရှိခဲ့လားသား။”
ကျနော့်ရဲ့အမေးကို သားက ထူးဆန်းသလိုကြည့်သည်။
ပြီးမှ”မရှိပါဘူးဖေဖေ။ ”
“အေးကွာ… သားအဖချင်း ဖေဖေအားမနာတော့ဘူး။ပြောချင်တာလေး ပြတ်ပြတ်သားသားပြောမယ်။သား ဖေဖေ့ဆီက ဥစ္စာအမွေ မတောင်းမိစေနဲ့သား။မတောင်းဘဲနေရင်တော့ ဖေဖေပေးကောင်းပေးမယ်။
ပေးချင်မှလည်းပေးမယ်။သားဘက်က တောင်းဆိုလာခဲ့ရင်တော့ဖေဖေလုံးဝပေးမှာမဟုတ်ဘူး။”
“ဗျာ”သားကြီး အံ့သြသွားပုံရသည်။
“သားပြောကြည့်။ မိဘက သားသမီးကို အမွေ ပေးကို ပေးရမှာလား။သားကရော အမွေဆိုတာကို သားသမီးရဲ့ ရပိုင်ခွင့်လို့ထင်လား။”
သားကြီးနှုတ်ဆိတ်နေသည်။
သူတစ်ခါမှ တွေးခဲ့ဖူးပုံမရ။
“ပြောချင်တာတော့ ကွာ…အခု သားဘဝ စတင်ပြီ။သားအလုပ်ရှာတော့။ သားက အခုအိမ်ထောင်မကျသေးဘူး။ဒီအိမ်မှာပဲ နေဦးမှာမလား။
နေပါ။သားရဲ့ နေစရိတ်စားစရိတ်ကိုဖေဖေနှမြောလို့ ပြောနေတာမဟုတ်ဘူး။
မင်းအချိန်တန်ရင် အိမ်ထောင်ပြုမှာပဲ။အခု သားမှာ ချစ်သူရှိနေပြီမဟုတ်လား။ဘယ်မှာနေမလဲ။ဘာလုပ်စားမလဲဆိုတာသားပြင်ဆင်ပြီးပြီလား။အနည်းဆုံးစိတ်ကူးနဲ့ပေါ့။”
“ဖေဖေ ပြောချင်တာကို သားနားမလည်ဘူးဖေဖေ”
“ဒီစကားပြောဖို့ ဖေဖေတော်တော်သတ္တိမွေးခဲ့ရတာကွ။
အခုသားဘွဲ့ရခဲ့ပြီ။သားရဲ့ စိတ်အားထက်သန်တဲ့ အလုပ်တစ်ခုကို သားစတင်တော့မယ်။သားကိုယ်ပိုင်ငွေ ကိုင်သုံးတော့မယ်။ရှာသမျှကို သုံးပစ်တော့မှာလား။
တစ်အိုးတစ်အိမ်ထူထောင်တဲ့အခါ လိုအပ်မယ့်ငွေကြေးတွေ သားပြင်ဆင်ထားတော့။ဖေဖေတို့ကို ရှာကျွေးဖို့ ဖေဖေမတောင်းဆိုဘူး။သားက အခုမှ ဘဝစမှာ။
သားငွေကိုသားရှာ။ လောက်ငှအောင်သုံး။အရံငွေစုဆောင်းမှုလုပ်ထားတော့။
အဓိကပြောချင်တာက မိဘအမွေကို ရပိုင်ခွင့်လိုသားထင်နေမှာကို ဖေဖေစိုးရိမ်တာ။
အရွယ်ရောက်ပြီးသားလူတစ်ယောက်ဟာသူများပေးမှ ရမယ်ဆိုတဲ့ တောင့်တမှုမျိုးကို မထားသင့်ဘူး။ သားကိုယ်တိုင်ကြိုးစားရယူရမယ်။သားကိုယ်တိုင်မဟုတ်တဲ့သူဟာ တပါးသူပဲသား။ဖေဖေတို့ မေမေတို့ကလည်း တပါးသူပဲ။
သားကိုအခု hotနေတဲ့ issue လေးနဲ့ ဥပမာပေးမယ်ကွာ။
ဥပါယ်တံမျဉ်၊ မုဒြာခေါ်သံ၊မီ စတဲ့ ရုပ်ရှင်တွေ သားကြည့်ခဲ့တယ်။သားကြိုက်ခဲ့တယ်။
ဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာတွေ ၊သရုပ်ဆောင်တွေ အကောင်းဆုံး အားထုတ်ခဲ့တယ်။သူတို့ လုပ်ရမယ့်အလုပ်က ဒီအထိပဲ။
သူများပေးမှ ရမယ့် အကယ်ဒမီကို မျှော်လင့်နေလို့ အကြောင်းမထူးဘူး။ရရ မရရ ခံနိုင်ရည်ရှိရမယ်။
အခုသားလည်း သားဘဝကို အကောင်းဆုံးပုံဖော်ရမယ်။ကြိုးစားရမယ်။ ဖေဖေပေးမယ့် အမွေ ကို ရရ မရရ ၊သားခံနိုင်ရည်ရှိရမယ်။
ဖေဖေ့မှာ သားသမီး သုံးယောက်ရှိတယ်။ဖေဖေက သားတို့ကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သည်အထိ supportလုပ်ပေးမယ်။
ပြီးရင်တော့ ကိုယ့်ဘဝကို ကိုယ်လျှောက်တော့။အကူအညီ အရမ်းလိုလာရင် ဖေဖေ့ဆီ အားမနာတမ်းလာခဲ့။ ကိုယ်နိုင်တဲ့ဝန်ဖြစ်ရဲ့သားနဲ့ ပျင်းလို့ ဖျင်းလို့ မထမ်းချင်တာမျိုးကိုတော့ ဖေဖေ့ကို လာမထမ်းခိုင်းနဲ့။ဖေဖေမကြိုက်ဘူး။
သားတို့ မွေးလာကတည်းက သားတို့ အတွက်ပဲဖေဖေတို့ မေမေတို့ အချိန်တွေကို ပုံပေးခဲ့တာ။တစ်သက်လုံးတော့ မိဘဝတ္တရားဆိုတာကြီးနဲ့ ဖေဖေတို့ကို မချည်နဲ့ပေါ့။
ဖေဖေတို့မှာလည်း ဖေဖေတို့ဘဝရှိသေးတယ်။
လမ်းလျှောက်နိုင်တဲ့ကလေးကို မိဘတွေ ဘယ်ချီချင်ပါတော့မလဲ။သားကြီးကို ဖေဖေက ယုံတယ်။လွတ်လွတ်လပ်လပ်ပျံပါ။
ဘဝကို ဘဝချင်းချည်နှောင်လိုက်ရင် နှစ်ဖက်စလုံး မလွတ်လပ်တော့ဘူးသား။
အချစ်ရေး၊အိမ်ထောင်ရေး သားကြိုက်သလိုစီမံ။
လိုအပ်ရင် အကြံဥာဏ်လာတောင်း။ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတော့။ဘဝလမ်းပေါ် သားလျှောက်ဖို့ အချိန်ကျပြီ။
ဖေဖေတို့ ချီမထားချင်တော့ဘူး။အချိန်တန်လို့ လမ်းမလျှောက်ရင် ခြေထောက်တွေ
မသန်ဘဲနေလိမ့်မယ်သား။
သားဘာပြောချင်သေးလဲ။”
“ရပြီဖေဖေ။သားနားလည်တယ်။”
credit
Sithu(Error)
mmc
Leave a Reply