စစ်ကိုင်းလမ်းကို ခြေရာခံခြင်း
တေးရေး ကိုနေဝင်းရဲ့ “စစ်ကိုင်းလမ်း”သီချင်းထဲက လမ်းဟာ ဟောဒီလမ်းလေးပေါ့။
ဒီသီချင်းထဲက စစ်ကိုင်းလမ်းဟာ ရန်ကုန်တက္ကသိုလ်ထဲက စစ်ကိုင်းလမ်းလား၊ မန္တလေးနားက စစ်ကိုင်းလမ်းလား ဆိုတာ ပရိသတ်တွေ အတော်အငြင်းပွားခဲ့ကြတာ။
ကိုယ်က မန္တလေးနားက စစ်ကိုင်းလမ်းဖြစ်နိုင်တယ်လို့ ကောက်ချက်ချမိပေမယ့် တေးရေးကိုနေဝင်းကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ဖြေတာတွေ့မှ ဒီလမ်းလေးပါဆိုတာသေချာသွားတယ်။
သီချင်းထဲက ချစ်သူမိန်းမပျို တက္ကသိုလ်ကျောင်းသူလေးက မြစ်ငယ်နားက ဥယျာဉ်လေးရွာမှာ ဆရာမအဖြစ် စာသင်ကြားရေး လုပ်အားပေးတော့ မန္တလေး-စစ်ကိုင်း-မြစ်ငယ်လမ်းအတိုင်း သွားတွေ့တဲ့အကြောင်းလေးကနေ ဒီသီချင်းလေးဖြစ်လာတာတဲ့။
စစ်ကိုင်းလမ်း(တေးရေး-ကိုနေဝင်း)
တိုးထွက်မယ့် မနက်နေရောင်ဖြာထွန်းရင်
စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့
ချိန်းထားတဲ့ သဲမြေပြင်အိုရိပ်ဆီ
မျှော်သူကို ကြိုလင့်ရန် ကိုယ်လာမယ်လို့
အခုညတော့ အိပ်နိုင်မယ် မထင်ဘူး
နှစ်ဦးတွေ့တဲ့ ညနေကို ပြန် တွေးရင်
စကားလက်စ မသတ်နိုင်အောင် လေပြည်သွေး
လမ်းတစ်ဝက်အထိ ကိုယ့်ကိုပြန်ပို့ရင်းဆို
နေညိုချိန် နေ့ကူးရင် မျှော်နေမယ်လို့
ဆက်ဆက်တော့ ရောက်အောင် လာမယ်မေ
အသည်းရင် လှိုင်းခတ်သံ
အတူဆုံရင်အပြုံးတွေ နှုတ်ဆက်မယ်လေ
တို့ဘဝအတွက် ခဏတာ ဒီအချိန်လေးအတွင်းမှာ
အချစ်ခွန်အား ရင်ဆိုင်ထား
အလှမ်းဝေးတဲ့ညရယ် ကုန်ပါတော့ကွယ်
ကြားရတဲ့ရထားသံ ရင်ခုန်သံလား
စစ်ကိုင်းလမ်းသို့ သွားချိန်တန်ပြီလား ကွယ်
သယ်ဆောင်ရာ အိတ်လည်းပြင် ယာဉ်မြန်ကိုစီး
ခရီးထွက်ဖို့ တို့လာနေပြီလေ
အသည်းရင် လှိုင်းခတ်သံ တူဆုံရင်အပြုံးတွေ
နှုတ်ဆက်မယ်လေ တို့ဘဝအတွက် ခဏတာ ဒီအချိန်လေးအတွင်းမှာ အချစ်ခွန်အား ရင်ဆိုင်ထား
တိုးထွက်မဲ့ မနက်နေရောင်ဖြာထွန်းရင်
စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့
ချိန်းထားတဲ့ သဲမြေပြင်အိုရိပ်ဆီ
မျှော်သူကို ကြိုလင့်ရန် ကိုယ်လာမယ်လို့
အခုညတော့ အိပ်နိုင်မယ်မထင်ဘူး
သီချင်းလေးက လွန်ခဲ့တဲ့ နှစ်(၅၀)ဝန်းကျင် ၁၉၇၁-၇၂ လောက်က ရေးခဲ့တာ။ “အ”သုံးလုံးသင်တန်းတွေမှာ တက္ကသိုလ်ကျောင်းသားတွေလုပ်အားပေးကြတဲ့ခေတ်ကတဲ့။
တေးရေးဆရာဟာ သူတစ်ဖက်သတ်ချစ်နေရတဲ့မိန်းမပျိုလေး လုပ်အားပေးနေတဲ့ရွာကို ရှာပြီးလိုက်သွားတာမှာ မြစ်ငယ်နားက ဥယျာဉ်လေးရွာကို ရောက်တယ်။
အဲ့ဒီမှာစကားလက်ဆုံတွေကျပြီး ညနေကျ သူမန္တလေးပြန်တဲ့အခါ မိန်းမပျိုလေးက မြစ်ငယ်ကနေ မြစ်ငယ်-စစ်ကိုင်း-မန္တလေးလမ်းအတိုင်း စစ်ကိုင်းတံတားဟောင်းထိပ်ထိ လိုက်ပို့သတဲ့။
သီချင်းထဲက “သဲမြေပြင်အိုရိပ်”ဆိုတာ စစ်ကိုင်းတံတားဟောင်း မန္တလေးဘက်ခြမ်းကိုပြောတာတဲ့။ “လမ်းတစ်ဝက်ထိ ကိုယ့်ကိုပြန်ပို့ရင်းဆို” ဆိုတာလည်း မန္တလေးအပြန် လမ်းတစ်ဝက်ဖြစ်တဲ့ စစ်ကိုင်းတံတားထိပ်ပေါ့။
အဲ့ထိပ်က ညောင်ညိုပင်အောက်မှာ လမ်းခွဲကြပြီး တေးရေးဆရာကလည်း လိုင်းကားနဲ့ မန္တလေးကိုပြန်၊ မိန်းမပျိုလေးကလည်း ဥယျာဉ်လေးရွာကိုပြန်တယ်။
နောက်ရက်တွေလည်း ဒီနေရာကနေစောင့်နေမယ်လို့ အချိန်းအချက်ပြုကြတယ်။
တေးရေးဆရာဟာ သူတို့စတွေ့ခဲ့တဲ့နေ့လေးအကြောင်းနဲ့ နောက်နေ့ ပြန်တွေ့ဖို့ချိန်းထားလို့ ရင်ခုန်ပြီးအိပ်မပျော်ဖြစ်တဲ့အကြောင်းလေးကို ရေးရာက ဒီသီချင်းလေးဖြစ်လာခဲ့တာတဲ့ ။
နဂိုတည်းက “စစ်ကိုင်းလမ်း”သီချင်းကို အဆိုတော်ခိုင်ထူးဆိုတာ နားထောင်ပြီးကတည်းက ကြိုက်ခဲ့တဲ့ ကိုယ့်အဖို့ ကိုနေဝင်း အင်တာဗျူးနားထောင်ပြီးနောက် ဒီလမ်းကဖြတ်တိုင်း သီချင်းလေးနားထောင်ရတာ ပိုအဓိပ္ပာယ်ရှိလာသလိုခံစားရတာပဲ။
ဒီလမ်းလေးမှာ လွမ်းစရာ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ရှိတယ်။
ကိုယ်ပိုင်ဟန်းဖုန်းတွေမရှိ၊ ကိုယ်ပိုင်ကားတွေမစီးနိုင်ပေမယ့် စေတနာ့ဝန်ထမ်း ကျောင်းသူမိန်းမပျိုလေးရယ်၊ တေးရေးဆရာလေးရယ်ဟာ အချိန်းအချက်ပြုရာ သဲမြေပြင်အိုရိပ်ဆီကို အရောက်လာခဲ့ကြတာဟာ တစ်ဦးပေါ်တစ်ဦးထားတဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မျှော်လင့်ချက်၊ တန်ဖိုးထားမြတ်နိုးမှုတွေကလွဲရင် ဘာတွေများ ပါပါဦးမလဲ။
Credit
Leave a Reply