မြန်မာပြည်အတွက် မုတ်သုံမိုးတွေ ယူဆောင်လာမယ့် သူတော်ကောင်း ဆိုင်ကလုန်းမုန်တိုင်းကြီး လာပါပြီ

INVEST-92B တဖြည်းဖြည်းအားကောင်းလာတာနဲ့အမျှ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်က တိမ်တိုက်ကြီးတွေ(CELL တွေ)က တဖြည်းဖြည်းနဲ့ မြောက်ဘက်က မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတွေအနားအထိရွေ့လာတယ်၊ တိမ်တချို့လဲ ထိလာပြီ။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မွန်တနင်္သာရီကမ်းရိုးတန်းဒေသတွေ၊ ရန်ကုန်တိုင်းပဲခူးတိုင်းက ဒေသတွေအပြင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာပါ မိုးရိပ်တွေ ထူထူထဲထဲ ဖြစ်လာတာတွေ့ရပါတယ်။

နေ့အပူချိန်တွေလဲ သိသိသာသာကို ကျသွားတာတွေ့ရပါတယ်။ မေလ ၈ ရက်နေ့နောက်ပိုင်းမှာတော့ တစ်နိုင်ငံလုံးမှာ နေရာစိတ်စိတ်မှ နေရာအနှံ့အပြားအထိ မိုးရွာတာတွေက ဆက်သွားတော့မယ်လို့ မှန်းပါတယ်ဗျာ။

“မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။

ကျန်မြန်မာ့ပင်လယ်ပြင် တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။”

INVEST-92B UPDATE (06MAY 1930 MST), လေဖိအားနညိးရပ်ဝန်း(INVEST-92B)ကတော့ ညနေ ၆ နာရီခွဲအချိန်မှာ ဗဟိုလေဖိအား 1003hPa နဲ့ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ အထိရှိလာပြီဖြစ်ကြောင်း JTWC(Zoom Earth)မှာ တွေ့ရပါတယ်။

ည ၇ နာရီ ၃၀ မှာတော့ INVEST-92B ရဲ့ အပြင်ဘက် တိမ်ထုဟာ ပုသိမ်၊ ဟင်္သာတ၊ တိုက်ကြီး၊ ပဲခူး၊ ကျိုက်ထို၊ ကမမောင်း နဲ့ ဘားအံမှ ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့တွေပေါ်အထိ ရောက်လာတာတွေ့ရပါတယ်။

Win Naing