ဖိနပ်ချုပ်တဲ့လုပ်ငန်းတွေမှာ နေ့စားလုပ်ရတဲ့ စက်ရုံလုပ်သား ဘဝကနေ အဆိုတော်ဖြစ်လာတဲ့ ပင်ပန်းခက်ခဲစွာ ဖြတ်သန်းခဲ့ရတဲ့ ဘဝအခြေအနေကို ရင်ဖွင့်ခဲ့တဲ့ အဆိုတော် အောင်ထက်

ပရိသတ်ကြီးတို့ရေ တေးသံရှင်အောင်ထက်ဟာဆိုရင် သီချင်းကောင်းလေးတွေကို အသံချိုချိုအေးအေးလေးနဲ့ သီဆိုတတ်တာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်ချစ်ခင်အားပေးခြင်းကို ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အိပ်မက်ဆုံရာပြိုင်ပွဲဝင်တစ်ယောက် အဖြစ် ပရိသတ်တွေအနေနဲ့ အောင်ထက်ကို စတင်သိရှိခဲ့ရပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင်သီချင်းခွေတွေပါ ထွက်ရှိလာကာ အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ နိုင်ငံကျော်တေးသံရှင်တစ်ဦး အဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်ပြီပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ ပရိသတ်အချစ်တော် တေးသံရှင်အောင်ထက်က သူ့အနေနဲ့ အဆိုတော်ဘဝကို မရောက်ရှိခင်က လှိုင်သာယာဘက်မှာ စက်ရုံလုပ်သားတစ်ဦးအဖြစ် ပင်ပန်းဆင်းရဲစွာ ရုန်းကန်လှုပ်ရှားခဲ့ရကြောင်း ရင်ဖွင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

အောင်ထက်ဟာ ဘဝရဲ့ ငယ်ရွယ်တဲ့နေ့ရက်တွေမှာ ဖခင်ရဲ့ခေါ်ယူမှုကြောင့် ရန်ကုန်ဆိုတဲ့ မြို့ကြီးကို ကျောင်းတက်ဖို့ရောက်ရှိလာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ယိုင်နဲ့စပြုလာတဲ့ စားဝတ်နေရေးကို ဖြည့်တင်းဖို့အတွက် ကျောင်းထွက်ပြီး ကျောတစ်ခင်းစာအတွက် အသက်(၁၆)နှစ်အရွယ်က စပြီး ရုန်းကန်လှုပ်ရှားခဲ့ရတယ်လို့ဆိုပါတယ်။

အောင်ထက်ဟာ ငယ်စဉ်ဘဝ သူများဆီမှာ အလုပ်လုပ်ခဲ့ရတဲ့ အခြေအနေတွေနဲ့ စပ်လျဉ်းလို့ “ကျောတစ်ခင်းစာက အရမ်းခက်ခဲတယ်လေ။ ဒီနေရာမှာပဲ စားတယ်၊ ဒီနေရာမှာပဲ အလုပ်လုပ်တယ်၊ ဒီနေရာမှာပဲ အိပ်တယ်။

အဲ့ဒီလိုနေရာမျိုးမှာ အလုပ်လုပ်ခဲ့ရတာ ပေါ့နော်။ စားတာ၊ သောက်တာက ရှာဖွေစားသောက်လို့ ရသေးတယ်။ နေထိုင်ဖို့ နေရာမရှိရင် ဘာမှလုပ်လို့မရဘူး။ လမ်းဘေးလည်း သွားအိပ်လို့ မရဘူးလေ၊ အဖမ်းခံရမှာပေါ့။

အဲ့ဒီတော့ အလုပ်တစ်ခုကို ရောက်ရင် အလုပ်ရှင်ကို အလုပ်မှာ နေလို့ ရ/မရ အရင်မေးရသေးတာပေါ့။

နေလို့ရတယ် ဆိုတော့မှ အဲ့နေရာမှာ အလုပ်လုပ်လို့ ရတာပေါ့နော်။

ကျွန်တော် အရင်က မြောက်ဥက္ကလာဘက်မှာပဲ ကျင်လည်ပြီး ဖိနပ်ချုပ်တဲ့လုပ်ငန်းတွေမှာ ဝင်လုပ်ခဲ့တာ၊ အဲ့မှာကျတော့ လုပ်ငန်းအများစုက အိမ်တွေမှာပဲ လုပ်ကြတာဆိုတော့ ကျွန်တော်က အဲ့ဒီအိမ်တွေမှာပဲ နေထိုင်၊ စားသောက်ရတာပေါ့နော်” လို့ သူ့ဘဝရဲ့ ငယ်ရွယ်လှတဲ့ (၁၆)နှစ်အရွယ်မှာ ခက်ခဲဆင်းရဲစွာ လုပ်ကိုင်၊ စားသောက်ခဲ့ရပုံကို စိတ်မကောင်းစွာပဲ ပြန်ပြောင်းပြောပြပါတယ်။

ဒီလိုနဲ့ လူငယ်ဘဝ အောင်ထက်တစ်ယောက် အသက်တစ်နှစ်ကြီးလို့ (၁၇)ပြည့်တဲ့အခါမှာတော့ လှိုင်သာယာဘက်မှာ အဆောင်ငှားရမ်းနေထိုင်ပြီး အဲ့ဒီဘက်က စက်ရုံတွေမှာပဲ နေ့စားဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက်(၁၈)နှစ်ပြည့်တဲ့အခါမှာတော့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ပေးအပ်လေ့ရှိတယ်လို့

လူသိများတဲ့ FAME ဆေးဝါးစက်ရုံမှာ အမြဲတမ်းဝန်ထမ်းတစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ရာကနေ အဆိုပြိုင်ပွဲတွေနဲ့ ရင်းနှီးထိတွေ့ခွင့် ရခဲ့တယ်လို့ အောင်ထက်က ဆိုပါတယ်။”

အကျဉ်းချုံးပြောရမယ် ဆိုရင်တော့ ကျွန်တော်က ပြိုင်ပွဲတွေ လိုက်ပြိုင်ရာကနေ ကျွန်တော့ကို သိပြီးတော့၊ နောက်ထပ်ပြိုင်ပွဲတွေကို ကျွန်တော့်အနေနဲ့ ဝင်ပြိုင်နိုင်ဖို့အတွက် ကူညီပေးခဲ့တဲ့ လူတစ်ယောက်နဲ့ ဆုံတွေခဲ့ရတယ်။

သူ့ရဲ့ အကူအညီတွေနဲ့ပဲ ကျွန်တော် ပြိုင်ပွဲတွေ အများကြီး ပြိုင်တယ်။ ဆုတွေလည်း အများကြီးရတယ်။ တချို့သူတွေနဲ့ဆိုရင် အခုချိန် အပြင်မှာ ဆုံမိတဲ့အခါ အရင်တုန်းက အကြောင်းတွေကို ပြန်ပြောဖြစ်ကြတယ်။

အခု နာမည်ကြီးနေတဲ့ သူတွေထဲမှာဆိုရင် ဂျူးဝယ်လ် ရှိမယ်၊ ကေကေမိုး ရှိမယ်၊ ဖြူဖြူဟန် ရှိမယ်၊ နောက် တခြားသူတွေလည်း ရှိပါတယ်။

အချိန်ကာလအားဖြင့် ၂၀၀၉-၂၀၁၀ လောက်ပေါ့နော်။ အဲ့ဒီကာလတွေက ကျွန်တော်တို့ ကြိုးစားနေကြတဲ့ အချိန်ကာလပေါ့နော်။ တချို့တွေလည်း ဒီဂီတလမ်းကြောင်းပေါ်မှာ ဆက်ပြီးတော့ ရှိနေသေးတယ်။

တချို့တွေကတော့ နယ်ပြန်ပြီး စီးပွားရေး ပြန်လုပ်နေတဲ့သူတွေ၊ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခု တတ်မြောက်ထားတဲ့ သူတွေကျတော့လည်း ဆရာဝန်တွေ၊ ဘာတွေ လုပ်နေကြတဲ့သူတွေ ရှိတယ်။

သူတို့နဲ့ကသီချင်းဆိုပြိုင်ပွဲမှာ ဆုံတွေ့မိခဲ့ကြပေမယ့် ဂီတလမ်းကြောင်းပေါ်မှာ ဆက်မလျှောက်ပဲ စီးပွားရေးအတွက် အဆင်ပြေရာ အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ကိုင်နေကြတာပေါ့နော်၊ ကျွန်တော်တို့သာ မဖြစ်ဖြစ်အောင် ဆက်လုပ်ချင်စိတ်ကို ဖျစ်ညှစ်ပြီး ဂီတလမ်းကြောင်းပေါ်မှာ ဆက်လျှောက်လာကြတာပေါ့။ သူတို့နဲ့ ပြန်တွေ့ရင်လည်း အရင်ကအကြောင်းတွေကို ပြန်ပြောဖြစ်ကြပါတယ်။”

သာဒီးလူဟာဆိုရင်လည်း သူနဲ့ တစ်ချိန်တစ်ခါက အဆိုပြိုင်ပွဲတွေမှာ သိကျွမ်းခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ကိုသာဒီးလူဟာ အဲ့ဒီအချိန်တည်းက ရော့ခ်ဂီတကိုသာ ရူးသွပ်သူတစ်ယောက်ဖြစ်တယ်လို့ အောင်ထက်က ဆိုပါတယ်။

တစ်ချိန်က အခုလို အတူတူ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ သူတွေက အခုလို အောင်မြင်တဲ့နေရာတစ်ခုကို တက်လှမ်းနေနိုင်တာကို မြင်ရတဲ့ အခါမှာ သူ့အနေနဲ့ အရမ်းကို ဝမ်းသာပီတိဖြစ်မိပြီး အရမ်းလည်း ဂုဏ်ယူတယ်၊ မုဒိတာပွားတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ အဲ့ဒီအချိန်တုန်းက အဆိုပြိုင်ပွဲဝင်ရတာဟာ ဘယ်လောက်တောင် ခက်ခဲခဲ့လည်း ဆိုတာကို ဒီဘက်ခေတ်ပြိုင်ပွဲဝင်တွေလည်း အလားတူ ခံစားကြရလိမ့်မယ်။ နေရေး၊ ထိုင်ရေး၊ သွားရေး၊ လာရေးကအစ ပိုက်ဆံအဆင်မပြေလို့ လုံးဝမရဘူးလေ။

အများစုဟာလည်း အဲ့လို အဆင်မပြေတဲ့ လူမျိုးတွေချည်းပါပဲ။ သူတို့ရဲ့ရည်ရွယ်ချက်တွေ ဖြစ်မြောက်ဖို့အတွက် သူတို့ လာကြိုးစားကြတာလေ။ ကျွန်တော်ကျတော့ အဲ့ဒီအခက်အခဲတွေကို နားလည်တယ်ကွာ။

အဲ့ဒီလိုမျိုး နေထိုင်၊ သွားလာ၊ စားသောက်ရေး အခက်အခဲတွေကြားထဲကနေ ရုန်းကန်ရင်းနဲ့ပဲ အိပ်မက်ဆုံရာရာသက်ပန် မှတစ်ဆင့် အခုလို ဂီတလောကထဲမှာ နေရာတစ်ခုကို ရခဲ့တာပါ”

ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျူးလေးမှာတော့ နိုင်ငံကျော်တေးသံရှင်အောင်ထက်က သူငယ်စဉ်အခါက ပင်ပန်းဆင်းရဲစွာနဲ့ သူတစ်ပါးစက်ရုံလုပ်ငန်းတွေမှာ နေ့စားလုပ်ကိုင်ရတဲ့ စက်ရုံအလုပ်သမားလေးဘဝကနေ အဆိုတော်”အောင်ထက်” ရယ်လို့ နာမည်တစ်လုံးရလာသည်အထိ ပေးဆပ်မှုပေါင်းများစွာနဲ့ အခက်အခဲပေါင်းများစွာကို ရုန်းကန်ကျော်ဖြတ်ခဲ့ရပုံကို ပရိသတ်တွေသိအောင် ဝေမျှပြောပြပေးခဲတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးတို့လည်း အခုလို ဆင်းရဲပြီး အခွင့်အလမ်းနည်းပါးလှတဲ့ အောက်ခြေဝန်ထမ်း အဆင့်ကနေ နိုင်ငံကျော်တေးသံရှင်တစ်ဦးဖြစ်သည် အထိ ကြိုးစားရယူနိုင်ခဲ့တဲ့ အောင်ထက်ရဲ့ အောင်မြင်မှုအတွက် ကော်မန့် မှာ ဂုဏ်ပြုဆုတောင်းစကားလေးတွေကို ပြောကြားပေးသွားကြပါဦးနော်။

Source : MC |Photo : Aung Htet’s Facebook

Be the first to comment

Leave a Reply

Your email address will not be published.


*