သမိုင်းထဲရောက်သွားသော ၈၈ အရေးအခင်း….

အလုပ်ထဲမှာ အသက်နှစ်ဆယ်ကျော်လူငယ်လေးတွေ အများကြီးတွေ့လာရတော့ ၈၈ အရေးအခင်းဟာ သမိုင်းထဲကိုဝင်စပြုနေပြီ ဆိုတာသတိထားမိလာတယ်။ သူတို့လေးတွေအတွက် ၈၈ အရေးခင်းဟာ သမိုင်းတစ်ခုဖြစ်သွားပေမယ့် ၈၈ မှာလူရွယ်ဘဝပဲရှိသေးတဲ့ ကျွန်တော်တို့အတွက်တော့စိတ်ထဲမှာ မနေ့တစ်နေ့ကလိုပါပဲ ။

အချိန်တွေက ကုန်လွယ်လိုက်တာ————–။ ၈၈ အရေးခင်းတုန်းက ကျွန်တော့အသက်က ၁၈ နှစ်ပါ။ ဆယ်တန်းကျောင်းသား အထက ၃ သင်္ကန်းကျွန်း မှာကျောင်းတတ်ပါတယ်။ ကျွန်တော်တို့ကျောင်းက သင်္ကန်းကျွန်း ဘီအိုစီကွေ့ အရင်ဧရာဝတီရုပ်ရှင်ရုံ ဘေးကနေ သင်္ကန်းကျွန်းဘူတာဘက်ကိုအသွား လမ်းချိုးလေးဘေးမှာတည်ရှိပါတယ်။

ပတ်ဝန်းကျင်ရပ်ကွက်မှာတော့ အိန္ဒိယနွယ်ဝင် ဟိန္ဒူမွတ်ဆလင် အများစုရှိတဲ့ရပ်ကွက်ပါ။ ၈-၈-၈၈ နေ့မှာ မြို့ထဲမှာ ဆန္ဒပြကြတယ်။ ပစ်ခတ်လူစုခွဲတာမျိုးရှိတယ်လို့ အဲဒိတုန်းက မကြားခဲ့ဘူး။ အဲဒီအရင်က စက်မှုတက္ကသိုလ် ကျောင်းသားအချို့နဲ့ ကြို့ကုန်းရပ်ကွက်ကလူငယ်အချို့ လက္ဘက်ရည်ဆိုင်မှာ သီချင်းလုဖွင့်ကြရင်း ရန်ဖြစ်ကြတယ်။

အဲဒီမှာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့အသက်ဆုံးရှုံးခဲ့ရတယ်။ အဲဒီကနေ ရှစ်လေးလုံးဆိုတဲ့ အထွေထွေမကျေနပ်တဲ့ ပြည်သူ့သပိတ်ကြီးစတင်ပေါ်ပေါက်ခဲ့ပါတော့တယ်။ ၈၈ မှာမမွေးသေးတဲ့ ညီငယ်ညီမငယ်တွေကို ကိုယ်ကြုံတွေ့ခဲ့တာလေးတွေ ပြန်ပြီး ပြောပြလိုပါတယ်။

အဲဒီလိုပြန်ပြောတဲ့အခါ ဖြစ်ရပ်မှန်ကို ချဲ့ပြီးဇာတ်နာအောင်ပြောတာမျိုး ဒါမှမဟုတ်သိရက်နဲ့ထိမ်ချန်တာမျိုး လုပ်မှာမဟုတ်ကြောင်းကြိုပြောချင်ပါတယ်။ ကိုယ်သိသလောက်ပဲပြောမှာမို့ လူငယ်တစ်ယောက်မြင်တဲ့ သိတဲ့အသိတစ်ခုဆိုတာကြိုပြောချင်ပါတယ်။ နိုင်ငံရေးဆိုတာရှုတ်ထွေးပွေလီကောက်ကျစ်မှုတွေအမြဲရှိတတ်လို့ပါ။

၈-၈-၈၈ နေ့မတိုင်ခင်ထဲက ကျွန်တော်တို့ကျောင်းကို လှုံ့ဆော်တဲ့စာတွေ ရောက်လာပါတယ်။ ကျောင်းသားတွေကို အစိုးရက ဘယ်လိုဖမ်းဆီးတာ–ဘယ်လိုနှိပ်စက်တာ– ဘယ်လိုသတ်ဖြတ်တာ– စသဖြင့်ပေါ့။ လှုံ့ဆော်စာဆိုသလိုပဲ လူငယ်တွေရဲ့ဒေါသကို လှုံ့ဆော်ကြပါတယ်။ ဒါပေမယ့် လှုံ့ဆော်စာနဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့ မျက်ရည်စက်လက်နဲ့ တားဆီးအသနားခံနေတာဟာ လွန်ဆွဲသလိုဖြစ်နေပါတယ်။

ဒါပေမယ့်နောက်ဆုံးရောက်လာတဲ့စာကတော့ ကျောင်းသားတွေရဲ့ဒေါသကိုဖောက်ခွဲနိုင်ခဲ့ပါတယ်။ အဲဒီစာထဲမှာဖော်ပြထားတာကတော့——— “ မင်းတို့ကျောင်းက အန္ဒိယသွေးတွေအများကြီးပါလို့ ငြိမ်နေကြတာလား—- မင်းတို့က ယုံသူငယ်လေးတွေလား နဂါးတွေလား မင်းတို့ နဂါးဆိုရင် အမောက်ထောင်ပြကြတော့ ယုံသူငယ်ဆိုရင်လဲ ခြုံထဲမှာပဲဆက်ပြီးဝတ်နေကြတော့—-“ တဲ့ ကျွန်တော်တို့တွေလဲ ကိုယ့်ဂုဏ်သိက္ခာထိခိုက်လာတော့ ဒေါသထွက်ပြီး– “နဂါးမှန်းသိအောင်———အမောက်ထောင်———အမောင်ကျောင်းသားတို့ “ ဆိုပြီး ၉-၈-၈၈ နေ့မှာ ဆန္ဒပြဘို့ ဆုံးဖြတ်လိုက်ကြတော့တယ် ။

၉-၈-၈၈ နေ့ ကျွန်တော်တို့မနက် ၇ နာရီ ခွဲလောက်မှာ ကျောင်းကစထွက်တယ်။ ခေါင်းဆောင်တဲ့အထဲမှာ ကျောင်းဆရာတွေပါ ပါတော့အားရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံတွေကိုင် ခွပ်ဒေါင်းအလံတွေကိုင်ပြီး ကျောင်းကနေတပ်ဦးစထွက်တယ်။ မျက်နှာကိုလည်း လက်ကိုင်ပုဝါနဲ့ မျက်နှာဖုန်းစီးထားရသေးတယ်။ အဲဒီတုန်းကဗိုလ်ချုပ်စိန်လွင် လက်ထက်ပါ။

ကျောင်းကနေ ဘီအိုစီကွေ့ အဲဒီကနေ အ-ထ-က (၁) သင်္ကန်းကျွန်းကျောင်းရှေ့ ။ အ-ထ-က(၁) ကကျောင်းသားကျောင်းသူတွေလည်း စာသင်နေရင်းက ကျောင်းတံခါးတွေ အတင်းတွန်းဖွင့်ပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းလာကြတယ်။ ဘေးကပါဝင်လာကြတဲ့ပြည်သူတွေရောဆိုရင် လူဦးရေ ငါးထောင်လောက်ဖြစ်လာတယ်။ အကြွေးမွေးတွေကလည်းရက်ရက်ရောရော ဆန္ဒပြတဲ့သူတွေကို ရေတိုက်တဲ့သူ နွားနို့တိုက်တဲ့သူတွေနဲ့ ။ အဲဒီကနေ အ-ထ-က (၂) ရှိတဲ့ ၁၆ ကွေ့ဆီကိုဆက်ချီတတ်ကြတယ်။

အဲဒီတုန်းက စစ်တပ်နဲ့တွေ့ရင် ကြွေးကျော်ရမယ့်ကြွေးကျော်သံကိုကြိုပြောထားတယ်။ “ ဒီမိုကရေစီရရှိရေး ———- (ဒို့အရေး) (ဒို့အရေး)“ “ ပြည်သူ့စစ်သား ———- ဒို့စစ်သား “ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ—ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး“ ၁၆ ကွေ့လဲရောက်ရော စစ်တပ်နဲ့တွေ့ပါလေရော။

သုံးမြှောင့်ပုံသံဆူးကြိုးတွေနဲ့ လမ်းကိုပိတ်လိုက်တယ်။ အဲဒီသံဆူးကြိုးတွေ ရဲ့ရှေ့မှာ စစ်သား ၆ ယောက်လောက်က မုဆိုးဒူးထောက်ထိုင်ပြီး ဆန္ဒပြတဲ့သူတွေကိုသေနတ်နဲ့ချိန်ထားတယ်။ သံဆူးကြိုးရဲ့နောက်မှာ တင့်ကားတစ်စီး တင့်ကားရဲ့နောက်မှာ စစ်ကားငါးစီးလောက်စစ်သားအပြည့်တင်ထားတယ်။

ဆန္ဒပြတဲ့သူတွေရဲ့ ရှေ့ဆုံးတပ်ဦးက ကျောင်းသူမိန်းမပျိုလေးတွေ ။ ဗိုလ်ချုပ်ပုံနဲ့ ခပ်ဒေါင်းအလံတွေကိုင်ထားတယ်။ သေနတ်နဲ့ချိန်ထားတဲ့စစ်သားတွေနဲ့ ဝါးတစ်ရိုက်လောက်ပဲဝေးတာပါ။ အဲဒီအချိန်မှာ ကျောင်းသားလူငယ်လေးတွေဟာ ကျောင်းသူလေးတွေရဲ့ရှေ့ကို လက်ချင်းချိတ်ပြီးလူတံတိုင်းလိုကာရပ်လိုက်ပါတယ်။

ကျွန်တော်တို့မှာ လက်နက်မရှိဘူး ကျွန်တော်တို့ ညီမငယ်လေးတွေကာကွယ်ပေးဘို့ဆိုရင် ကျွန်တော်တို့ရင်ဘတ်တွေပဲရှိပါတယ်။ ခင်ဗျားတို့ပစ်မယ်ဆိုရင် ကျွန်တော်တို့ကိုအရင်ပစ်ပါ။ ခင်ဗျားတို့ ကျွန်တော်တို့ကိုပစ်သတ်နေတဲ့အချိန်လေးမှာ သူတို့လေးတွေ အန္တရယ်ကင်းရာကို ပြေးဖို့ အချိန်ရပါလိမ့်မယ်။

အဲဒီလိုစိတ်ထားနဲ့ အသက်နဲ့ရင်းပြီးကာကွယ်ပေးပါတယ်။ ကျွတော်ခုစဉ်းစားရင်ခုစိတ်ထိခိုက်ရပါတယ်။ ခုရေးပြတာကြာပေမယ့် ဖြစ်ရပ်က ခဏလေးပါ။ ပထမ အဆင့်စစ်တပ်က လူစုခွဲဖို့ လော်စပီကာနဲ့အော်ပြီး သတိပေးပါတယ်– ဒုတိယ တင့်ကားပေါ်က အမြောက်ကြီးနဲ့ “ထိန်း ထိန်း ထိန်း “ဆိုပြီး သုံးကြိမ် ခြောက်လှန့်ပြီးအသံပေးပါတယ်။

(လူထုက တစ်ကယ်ပစ်တာမဟုတ်ဘူး မပြေးနဲ့လို့အဆင့်ဆင့်ပြောတော့ လူထုက လုံးဝမပြိုကွဲပါဘူး) တတိယအဆင့်ကြတော့ မုဆိုဒူးထောက်ထိုင်နေတဲ့စစ်သားတွေက စပစ်ပါတယ်။ ရှေ့မှာ အသက်ပေးကာကွယ်ထားတဲ့ ကျောင်းသား လူငယ်လေးထဲက တစ်ယောက်ကျဆုံးပြီး အများစုကတော့ သေစေလောက်တဲ့ကျည်ဆန်မဟုတ်ပဲ မှုခင်းနှိမ်နင်းရေးကျည်ဆန် လို့ပြောတာပဲ မီးချစ်ဆန်ခေါင်းလောက် ရှိမယ် အကျီတွေတော့စကာပေါက် ဖြစ်ကုန်တယ်။ အသားထဲကကျည်ဖူးလေးတွေကိုတော့ အလွယ်ထုတ်လို့ရတယ်တဲ့။

တကယ်ပစ်တော့ လူထုကြီးလဲ ရပ်ကွက်ထဲကို ထွက်ပြေး ပြိုကွဲသွားကုန်တယ်။ ကျွန်တော်လည်း ပထမတော့ ကားလမ်းပေါ်ကို ဝမ်းလျားမှောက်ဝတ်လိုက်တယ်။ ကျွန်တော်နဲ့ပစ်တဲ့စစ်သားတွေနဲ့က ဝါးနှစ်ပြန်လောက်ပဲဝေးတယ်။ လူနင်းခံရတော့ လမ်းဘေးက အမှိုုက်ပုံကြီးဘေးကို ရုပ်ရှင်တွေထဲကလို ဒိုက်ထိုးပြီးကာကွယ်ယူလိုက်ပြန်တယ်။

မလုံခြဲုံမှန်းသိတော့ နီးရာရပ်ကွက်လမ်းကြား ထဲကိုပြေးဝင်ထွက်ပြေးရပါတော့တယ်။ ကျွန်တော်ပြေးရင်းနဲ့နောက်ပြန်လှည့်ကြည့်တော့ စစ်သားတစ်ယောက်က ပြုံးဖြဲဖြဲမျက်နှာနဲ့ သေနတ်နဲ့လှမ်းချိန်ပါတယ်။ ဒါနဲ့ ကျွန်တော်နောက်ပြန်လှည့်မကြည့်ရဲတော့ပဲ နောက်ကျတဲ့ဖနောင့် သစ္စာဖောက်သဘောထားပြီး ချေဦးတည့်ရာစွတ်ပြေးရပါတော့တယ်။

တော်တော်လေးပြေးပြီးတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းတွေ့လို့ ကျောင်းအုတ်တံတိုင်းကိုကျော်တတ်ပြီး ဘုန်းကြီးကျောင်းဝင်းထဲကို ခုန်ချတော့် ခွေးကျကျပါတော့တယ်။ နာဘို့အချိန်မရဘူး ကျောင်းဝင်းထဲမှာလဲ ဘုန်းကြီး ကိုရင် ကျောင်းသား တစ်ယောက်မှကိုမတွေ့ဘူး။ ဒါနဲ့အဲဒီကျောင်းထဲက ပြန်ထွက်လိုက်တယ်။

ရက်ကွက်လမ်းပေါ်မှာ ဖြူစိမ်းကျောင်းဝတ်စုံလေးနဲ့ ဖိနပ်တောင်မပါတော့တဲ့ကျောင်းသားလေးကို ရပ်ကွက်ထဲကအိမ်တွေက ဝိုင်းပြီးခေါ်ကြတယ်။ အဝတ်စားတွေလဲဘို့ပြောကြတယ်။ ဖိနပ်ုယုူဖို့ပေးကြတယ်။ အားနာတတ်တဲ့ကျွန်တော်က မယူပဲညင်းခဲ့ပါတယ်။ ဘယ်ကိုရောက်နေမှန်းလဲမသိတော့ဘူး။

ချေဦးတည့်ရာ လျှောက်လာရင်း ကျွန်တော် ဇီဝဗေဒ ဘာသာကျူရှင်တတ်တဲ့ ဆရာညိုသစ်ရဲ့ ကျူရှင်ဘေးကိုရောက်သွားပါတယ်။ ဒီတော့မှ ကျွန်တော်လည်းမျက်စေ့လည်ပျောက်သွားတယ်။ အဲဒီတုန်းက ဘိုင်အိုညိုသစ် ဓါတု ဆရာညီညီ ရူပဗေဒ ဆရာဦးဉာဏ်လွင်တို့ဆီမှာ ကျူရှင်တတ်ပါတယ်။ ဆရာညီညီနဲ့ ဆရာဦးဉာဏ်လွင်တို့ကတော့ ခုထိကျူရှင်ပြပါတယ်။ ဆရာညိုသစ်ကတော့ မသိဘူး။

မျက်စိလည်တာပျောက်သွားပြီဆိုတော့အိမ်ကိုပြန်လာပါတယ်။ ဖြတ်လမ်းကနေပြန်တယ် သွားနေကျပေါ့.။ ကျိုက္ကဆံဘုရား ရဲ့အနိးမှာ အရင်က သချင်္ုင်းတစ်ခုရျှိတယ်။ အခုတော့စံပြဆေးရုံကြီး တည်ဆောက်လို့ဖျက်ပြစ်လိုက်ပြီ။ အဲဒီသချိင်္ုင်းထဲက ဖြတ်ပြီး အိမ်ကိုပြန်ရတယ်။ သချင်္ုင်းထဲရောက်တော့ ကိုယ့်လိုပဲထွက်ပြေးလာတဲ့ အခန်းထဲက သူငယ်ချင်းနှစ်ယောက်နဲ့တွေ့တယ်။

အဲဒီကနေ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် အတူတူ အိမ်ပြန်လာခဲ့တယ်။ သင်္ကန်းကျွန်းလမ်းမကြီးကိုဖြတ်ပြီး ဒီဘက်ကိုကူးလာတော့ ဘဏ်ဝန်ထမ်းတွေနေတဲ့ ဘဏ်ရိပ်သာဆိုတဲ့ ဝန်ထမ်းအိမ်ယာဝင်းတစ်ခုရှိတယ်။ အဲဒီဝင်းကိုဖြတ်ပြီးပြန်ရတာလမ်းပိုနီးတယ်။ သွားနေကျ။ ကျွန်တော်ကငိုက်စိုက်ငိုက်စိုက်နဲ့ ကိုယ့်အတွေးနဲ့ကိုယ် ဖြည်းဖြည်းသွားတယ်။ သူငယ်ချင်းနှစ်ယောက်က မြန်မြန်သွားတယ်။

ဒါ့ကြောင့်သူတို့နှစ်ယောက်နဲ့ ကျွန်တော် နည်းနည်းဝေးသွားတယ်။ ခဏအကြာ ဖုန်းဒိုင်း ဖုန်းဒိုင်း နဲ့ ရှေ့က သူငယ်ချင်းနှစ်ယောက်ဒရောသောပါးနဲ့ နောက်ပြန်ပြေးလာတယ်။ ပြီးတော့ ဘဏ်ရိပ်သာ အိမ်ယာအပေါ်ထပ်တွေဆီကို ပြေးတတ်ကုန်ကြတယ်။

ကျွန်တော်က ဘာဖြစ်တာလဲမသိဘူးလို့ သူတို့ပြေးတတ်တဲ့နောက် ကို လိုက်ကြည့်နေတုန်း ဖြောင်း ဖြောင်း ဖြောင်း ဆိုသေနတ်မောင်းတင်သံနဲ့အတူ စစ်သားသုံးယောက် ကျွန်တော့ကို သေနတ်နဲ့ဝိုင်းချိန်ထားပါတော့တယ်။ ဘဏ်ရိပ်သာ အိမ်ပေါ်ကလူတွေက မပစ်နဲ့ — မပစ်နဲ့ ဆိုတဲ့ အလန့်တကြား စိုးရိမ်တကြီး အော်ဟစ်သတိပေးသံတွေ။

ပစ်ရင်ခင်ဗျားတို့ကို အရှင်မထားဘူး လို့ကြိမ်းဝါးသံတွေ ဖုန်းဒိုင်း ဖုန်းဒိုင်း ဆိုတဲ့ ပြေးဆင်းလာကြတဲ့အသံတွေလည်းကြားတယ်။ ကျွန်တော်က ထွက်ပြေးဘို့လုံးဝသတိမရသလို ကြောက်စိတ်လဲလုံးဝမရှိဘူး။ ထွက်ပြေးရင်တော့စုတ်ပြတ်သွားမှာကျိန်းသေတယ်။ လက်နှစ်ဖက်ကိုခါးထောက်ပြီး စစ်သားသုံးယောက်လုံးကို မိုက်ကြည့်ကြည့်နေတယ်။

တမင်လုပ်တာမဟုတ်ဘူး သူ့ဖာသာအဲဒီလိုပုံစံဖြစ်သွားတာ။ အဲဒီအချိန်မှာ ပစ်စတို ကိုင်ထားတဲ့သူတို့ ရဲ့စစ်ဗိုလ် နောက်ကရောက်လာတယ်။

ဘဏ်ရိပ်သာက အုတ်တံတိုင်းခတ်ထားတာ ဒင်းက အုတ်တံတိုင်းအပြင်မှာ နောက်ကျပြီးကျန်နေတာ လက်ကပစ်စတိုကတော့အဆင်သင့်ကိုင်ထားပြီး လူက တောင်ကြည့်မြောက်ကြည့်် နဲ့ဝင်လာပြီး ကျွန်တော့ကိုဝိုင်းချိန်ထားတဲ့စစ်သားသုံးယောက်ကိုမြင်ရော အလန့်တကြား—- “ ဟေ့ကောင်တွေ မင်းတို့ဒါဘာလုပ်နေတာလဲဟ ချီးတဲ့မှ ပဲ — အုပ်စုလိုက်တွေ့မှ သေနတ်မိုးပေါ်ထောင်ပစ်ပါ လို့ ငါသေချာပြောထားရဲ့နဲ့ ————“ ကျွန်တော်ကို ကယ်ဘို့ ဆင်းလာတဲ့ လူကြီးနှစ်ယောက် အနားမရောက်ခင် ဒင်းရောက်တာ အချိန်မှီလေးမို့ နို့မို့ဆို ပြသ၁နာက ဒီ့ထက်ကြီးနိုင်တယ်။

စစ်ဗိုလ်ရော စစ်သားသုံးယောက်လုံးရော သူ့လမ်းသူဆက်သွားကြတယ်။ ခဏအတွင်းမှာပဲ ကျွန်တော့်ကိုကယ်မယ့် လူကြီးနှစ်ယောက် ဒရောသောပါးရောက်လာပြီး ဟူး — တော်သေးတယ် မင်းတော်တော်သတ္တိကောင်းတဲ့ အကောင် တဲ့ အဲသလိုချီးကြူးသွားတယ်။ အဲဒါနဲ့ဆက်ပြီး အိမ်ကိုအပြန်မှာ ဖူးစာက မကုန်သေးဘူးဗျ.။

ရပ်ကွက်ထဲလှည့်ပြီး လော်စပီကာနဲ့အော်ပြီးသတိပေးနေတဲ့ စစ်ကားနဲ့တွေ့ပြန်ရော လမ်းဘေးက အကြော်သည်ကုလားမကြီးက အတော်စိုးရိမ်သွားပြီး ကျွန်တော့ကိုလမ်းပေါ်ကနေ လက်မောင်းကို အတင်းဆွဲပြီး သူ့အိမ်ထဲဆွဲသွင်းတယ်။ ကျွန်တော်က ရုန်းတော့ စစ်ကားကလည်းအနားရောက်လာတော့ အကြော်တဲထဲက ထိုင်ခုံမှာပဲ ထိုင်ခိုင်းတယ်။

ပြီးတော့် တော်တော်လေးကြောက်ရွ့ံ နေပြီး ပါးစပ်ကလဲ တတွတ်တွတ်နဲ့ “ သားရယ်သူတို့ကို သွားမကြည့်ပါနဲ့ ““ သားရယ်သူတို့ကို သွားမကြည့်ပါနဲ့“ အဲလိုတုံတုံရင်ရင်နဲ့တားတယ်။ ကျွန်တော်က စစ်ကားပေါ်က စစ်သားတွေကို မျက်နှာချင်းဆိုင်လိုက်ကြည့်နေလို့။ စစ်သားတွေက မျက်နှာချင်းမဆိုင်ကြဘူး မျက်လုံးချင်း အကြည့်ဆုံရင် တစ်ဖက်ကိုသူတို့က အရင်လွှဲသွားကြတယ်။

ကျွန်တော်နားလည်ပါတယ် စစ်သားတိုင်း စစ်ဘီလူးမဟုတ်ပါဘူး။ သူတို့လည်း တိုင်းရင်းသားညီအကိုတွေပါပဲ။ အမိန့်တာဝန်နဲ့ နှလုံးသားကြားမှာ သူတို့လဲတော်တော်ရုန်းကန်ခဲ့ရမှာပါ။ အမိန့်တစ်ခုကလွဲပြီး ဘာမှ မသိတဲ့စစ်သားလဲရှိမှာပါပဲ။ ဒါသဘာဝပါ။ ဒီလိုနဲ့ အရေးအခင်းဟာ ဆက်တိုက်အသက်ဝင်ကြီးထွားလာပါတယ်။ ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်သတ်ဖြတ်တာလဲမရှိတော့ဘူး။

ခေါင်းဆောင်ပိုင်းတွေလဲ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲနေကြတယ်။ အကြမ်းနည်းနဲ့မရတော့ ဒေါက်တာမောင်မောင်လို အနုနည်းနဲ့လည်းစည်းရုံးလို့မရ အုပ်ချုပ်ရေးယန္တရားလည်း လုံးဝရပ်ဆိုင်းသွားပြီ ရန်ကုန်တိုင်းအတွင်းက ရဲစခန်းတွေလည်း ပြည်သူ့ လက်ထဲရောက်ကုန်ကြပြီ ဂိုထောင်တွေလဲ ဖောက်ကုန်ကြပြီ – စစ်တပ်ကလဲ ဂိုဒေါင်ဖောက်တဲ့သူကိုတော့ ပစ်သတ်ကုန်ကြပြီ- မြောက်ဥက္ကလာမှာ စခန်းမှုးကို အရှင်လတ်လတ်ကြိုးနဲ့တုတ်ပြီး မီးပုံပေါ် တင်မီးရှို့သတ်တယ်။ အသားကိုအရက်နဲ့မြည်းကြတယ်။

တောင်ဥက္ကလာမှာ လျှောင်ကြီးဗွေ နာမည်ကြီးတယ်။ အဆိပ်ခတ်တယ် တန်ပြန်သပိတ်သမား စသဖြင့်စွတ်စွဲပြီး လူထုရှေ့မှာ အရှင်လတ်လတ်ခေါင်းဖြတ်သတ်ကြတယ်။ မင်းမဲ့စရိုက်ကတော့ကြောက်ဖွယ်ပါပဲ။ ကျွန်တော်နေတဲ့နေရာက သုဝဏ္ဏရဲစခန်းနဲ့မဝေးဘူး။ ရန်ကုန်တစ်တိုင်းလုံးမှာ သုဝဏ္ဏ ရဲစခန်းတစ်ခုပဲ ပြည်သူ့လက်မကျရောက်တာပါ။

အဲဒီတုန်းက ရဲစခန်းဟာ လယ်ကွင်းတွေရဲ့အလယ်မှာရှိတယ်။ ရဲစခန်းဝင်စီးဘို့ အကာအကွယ်မရှိဘူး။ အလင်းဝင်ထားတဲ့ လက်ဖြောင့် နယ်ထိန်းရဲတစ်ယောက်က စခန်းရှေ့ ပင်လယ်ကဗွီးပင်ကြီးပေါ် လင့်စင်ထိုးပြီး ပစ်တယ်။ ကျည်တစ်တောင့် လူတစ်ယောက်ပဲ။ ညဖက်မှာ အမှောင် ထုကို အကာကွယ်ယူပြီး ဝင်စီးဘို့ကြိုးစားတယ်။

နောက်နေ့မနက်ကျတော့ ဦးဏှောက်ပွင့်ထွက်နေတဲ့ အလောင်းပဲဖြစ်ကုန်ကြရတယ်။ ကျွန်တော်မှတ်မိသလောက် (၇) လောင်းသေတယ်။ အဲဒီရဲစခန်းက အရက်ကြိုက်တဲ့ ရဲတစ်ယောက်ဟာ ညဖက် ခိုးထွက်ပြီး သာကေတဘက်ကူး အရက်သွားသောက်တယ်။ အရက်သောက်ပြီးအပြန် ငမိုးရိပ်ချောင်းအကူး သပိတ်မှောက်လူငယ်တွေနဲ့တွေ့တယ်။

“ ဟေ့ ဘယ်သူလဲ “ လို့မေးတော့ ရဲက စစ်သားမှတ်ပြီးမူးမူးနဲ့– “ ကျွန်တော် ရဲ ပါ “ လို့ပြောပြီး ဝန်ထမ်းကဒ်ထုတ်ပြပါမှ ငရဲခန်းထဲ ဇောက်ထိုးကျပါတော့တယ်။ ဝါးစိမ်းချွန်တွေနဲ့ထိုး ကျောက်ခဲနဲ့ထု အုတ်ခဲတွေနဲ့ဝိုင်းထု နောက်ပြီး ချေကျင်းဝတ် သံဆူးကြိုးနဲ့ချီ ခွေးသေဆွဲသလို ဆွဲလာ နောက်ကနေ ကျောက်တုန်းတွေနဲ့ ထု ညဘက်ကြီးမှာ အား —- အီး —— နဲ့ တော်တော်နဲ့ကိုမသေဘူး ။ ဝဍ်ကြီးလိုက်တာ။ ကျွန်တော်တို့အိမ်က လမ်းမကြီးဘေးမှာဆိုတော့ ထွက်ကြည့်တာပဲ။

လမ်းဆုံရောက်တော့ သူ့ငယ်ပါကို ဒါးနဲ့ဖြတ်ပြီး ပါးစပ်ထဲထည့်ထားတယ်။ မနက်ရောက်မှ အမြင်မတော်ဘူးဆိုပြီးပြန်ဖြုတ်လိုက်တယ်။ နောက်တစ်ခုလဲရှိသေးတယ်။ ညဘက်ဆိုကောင်းကောင်းမအိပ်ရဘူး။ သာကေတက လျှောင်ကြီးဗွေနဲ့ အဖွဲ့ သုဝဏ္ဏ ဘက်ကူးလာပြီ — ပန်းခြံထဲမှာ လူစုနေကြပြီ — သေနတ်တွေလည်းပါတယ်- လူဦးရေကဘယ်လောက်– သုဝဏ္ဏ ကိုဝင်စီးပြီးရင် ရန်ကုန်သစ်ဘက်လာမယ်။

ရပ်ကွက်ထဲက ယောကျင်္ားမှန်သမျှ အကုန်ထွက်ခဲ့ကြ ရရာလက်နက်ယူခဲ့ကြ– ကိုယ့်ရပ်ကွက်ကို ကိုယ်ကာကွယ်ကြ။ ဘယ်ကသတင်းတောက်လျှောက်ထုတ်နေလဲမသိဘူး။ လမ်းပေါ်မှာ လူငယ်တွေရော လူကြီးတွေရော မိန်းမတွေရော လက်နက် ကိုယ်စီ ကိုယ်စီနဲ့– ကျွန်တော်လဲ လက်နက်ရှာတော့ မီးသွေးခွဲတဲ ့ ဓါးမကြီးပဲတွေ့တော့တယ်။ ရီစရာပဲ။ အဲဒိဓါးမတုန်းကြီးကိုင်ပြီး လမ်းပေါ်ထွက်ရတော့တာပေါ့။

ဟိုဘက်အဖွဲ့က အကျီတွေဝတ်ထားတယ် လူမှားကုန်ကြမယ် ရပ်ကွက်သားတွေအားလုံးအကျီတွေချွတ်ထားကြ အကျီပါတဲ့သူဆို အားလုံးဝိုင်းသတ်ကြ တဲ့ ညွှန်ကြားချက်တွေ ထွက်လာပြန်တယ်။ အိမ်ပြန်ပြီး အကျီချွတ်ရပြန်ရော — အပေါ်ပိုင်း အကျီမပါပဲ ဓါးမတုံးကြီးနဲ့ကျွန်တော်ဟာ လမ်းပေါ်မှာ ကျောက်ဒူးတွေ တဆတ်ဆတ်နဲ့ တုန်နေတာကို ဘယ်သူမှမသိပေမယ့် ကျွန်တော်ကတော့သတိရနေတုန်းပဲ။

ခေါင်းဖြတ်သတ်တာတွေ တော်တော်လေးများလာတယ်။ သင်္ကန်းကျွန်း ဘီအိုစီရှေ့မှာ လူ(၇)ယောက်ကို လူထုရှေ့မှာ ခေါင်းဖြတ်သတ်မယ်ပြောလို့ သွားကြည့်တယ်။ လမ်းတစ်ဝက်တစ်ပျက်မှာ သတ်ပြီးသွားပြီပြောလို့ ပြန်လာခဲ့ရတယ်။ တကယ်သတ်လိုက်ကြတယ်။ ကိုယ်တိုင်တော့မမြင်ဘူးလိုက်ဘူး။ မခြူးခေါင်းဖြတ်သတ်တာကိုတော့ တီဗွီက ပြန်လွှင့်တုန်းကမြင်ဘူးလိုက်တယ်။

အဲဒီတုန်းက တစ်ယောက်ခေါင်းဖြတ်သတ်ပြီးရင် နောက်တစ်ယောက်ကိုလိုက်ပြတယ်။ မအော်ရင် သူတို့သတ်တာမမှားဘူး လို့ဆုံးဖြတ်တယ်။ ထူးဆန်းတာ ဘယ်သူမှမအော်ဘူး။ အကြောက်လွန်ကုန်လို့ အသိဉာဏ်ပျောက်ကုန်တာထင်တယ်။ တော်ပါပြီဗျာ အဲဒီတုန်းကအကြောင်းတွေ မပြောချင်တော့ဘူး။ ခေါင်းတွေတောင် ကိုက်လာတယ်။ နောင် မင်းမဲ့စရိုက်မျိုးတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်။

စိတ်ဝင်စားလျှင်ဆက်လက်ဖော်ပြပါမည်။ ဖြစ်ရပ်မှန်များဖြစ်ပါသည်။ အရောင်ဆိုးခြင်း ပြုပြင်ထားခြင်းမရှိပါ။ ကိုစိုးနိုင် ကျွန်တော်က ရန်ကုန်မှာ သေကံမရောက် သက်မပျောက် ဖြစ်နေပေမယ့် နယ်က ကျွန်တော့ရွာလေးမှာတော့ ကျွန်တော်က သေလူ ဖြစ်နေပြီ———- ။

ဖြစ်ပုံက ဒီလိုဗျ— အဲဒီတုန်းက ဖုန်းတွေ တီဗီတွေ လုံးဝမရှိဘူး တစ်ခုတည်းသော ဆက်သွယ်ရေးက ရေဒီယိုပဲ။ ရေဒီယိုမှာ သတင်းကြေညာတယ်။ ရန်ကုန်မှာ ကျောင်းသားအရေးအခင်းဖြစ်တယ်။ အဲဒီအရေးအခင်းမှာ ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့သေတယ်။

ကျွန်တော့နာမည်က စိုးနိုင် –အဲဒီသတင်းနားထောင်မိတဲ့ ရွာသားက သွားပြီ ဒေါ်ကြီးတင်ရေ—– ခင်ဗျားသား သေပြီ။ ဦးညွန့်မောင် ခင်ဗျားသားသေတာ ရေဒီယိုမှာ ကြေညာတယ်ဗျ —- ရွာသူရွာသားတွေဗျာ စက်မှုတက္ကသိုလ်ကျောင်းသားနဲ့ အထက်တန်းကျောင်းသား မှားရတယ်လို့။ အမေဆိုတာ ရင်ကွဲမတတ်ပဲ။

ဟိုး အဝေးကြီးကိုကျောင်း သွားထားတဲ့ အဖေ့ကိုလဲ ရန်လုပ်တယ်။ ငိုလဲငိုတယ်။ နောက်ရက်ကြတော့ ရွာနားနီးတွေပါ မသာလာမေးကြတယ်။ လူတွေဟာ ခြံထဲမှာ အပြည့်။ ပထမ သိပ်မယုံဘူး သို့လော သို့လော ပေါ့ . ။ အဖေက လည်း ဆွမ်းသွတ်တာတွေ ဘာတွေမလုပ်သေးနဲ့ဦး ငါရန်ကုန်ကို အခုချက်ချင်းလိုက်သွားပါ့မယ်။

နေကြပါဦးဟ . နာမည်တူမရှား လူတူမရှား။ မဟုတ်လောက်ပါဘူးကွ။ အဖေက သားဇောနဲ့။ ဖြစ်ချင်တော့ ညနေမှာ ကျွန်တော့ယောက်ဖ တောကအပြန် သူရဲပူးပါလာပါရော— ခြံထဲက နွားတွေလည်း ထူးထူးဆန်းဆန်းအုန်းဒိုင်းကြဲနေသတဲ့။

သေချာပြီ ကျွန်မသားလေးသေတာသေချာပြီ—- သူလာပြီးအသိပေးနေတာ— အမေ့ရဲ့ မျှော်လင့်ချက်မျှင်မျှင်လေးဟာ အဲဒီ ပယောဂ နောက်တာနဲ့ပြတ်သွားတယ်။ မျှော်လင့်ချက်ကြီးတဲ့အဖေတောင် မျှင်မျှင်ပဲကျန်တော့တယ်။ကားတွေ ရထားတွေ အားလုံးဆက်သွယ်ရေးပြတ်တောက်နေတဲ့အချိန် အဖေဟာ သားဖောနဲ့ မန္တလေးကနေ ရန်ကုန်ကို ကားကြုံတွေ တောင်းပန်စီးရင်း လိုက်လာတာ ငါးရက်ကြာမှ ရောက်တယ်.။ ရန်ကုန်တိုးကြောင်ကလေးကနေ သင်္ကန်းကျွန်းကိုလမ်လျှောက်လာရတယ်။

အိမ်နားနီးလာလေ ရှေ့တိုးဘို့ကြောက်လာလေဖြစ်နေတယ်တဲ့။ ကြားသလိုများဟုတ်နေရင် ဆိုတဲ့ အတွေးဟာ အရမ်းကိုချောက်လှန့်နေတယ်။ အိမ်ကိုလှမ်းမြင်ရတဲ့နေရာရောက်တော့ အိမ်ရှေ့မှာ ဦးလေးရဲ့ကားကို ဝိုင်းပြီး ရေဆေးပေးနေတဲ့ ကျွန်တော့ကိုမြင်တော့ လမ်းလယ်ခေါင်မှာ ပုံကနဲ လဲကျသွားတယ်။ စိတ်လျှော့လိုက်လို့။ ဒါနဲ့ ကမန်းကတန်း ကုန်းကြု့းံထပြီး မပြေးရုံတမယ် ရောက်လာတယ်။

အဲဒီအချိန်မှာ စစ်တပ်က အာဏာသိမ်းပြီးသွားပြီ မာရှယ်လော ထုတ်ထားတယ်။ ညဘက်အပြင်မထွက်ရ အပြင်ထွက်လို့လမ်းပေါ်မှာတွေ့ရင် အစစ်အဆေး အမေးအမြန်းမရှိပစ်သတ်စေ– နေ့ဘက် လူငါးယောက်အထက် စုပြီးလမ်းပေါ်မထွက်ရ တွေ့ရင် တစ်ခါတည်းပစ်သတ်စေ– အဲဒီအမိန့် တကယ်လုပ်တယ် တကယ်လုပ်တော့လဲ ဘယ်သူမှ မလုပ်ရဲတော့ဘူး။ အာဏာသိမ်းတဲ့ညက ရေဒီယိုကအသံလွှင့်တယ်။ မခံချင်တဲ့သူက ထွက်တယ်။ ထွက်တော့တကယ်ပစ်တယ်။ တကယ်ပစ်တယ်ဟ ဆိုပြီးနောက်တော့မထွက်တော့ဘူး။

ဒီမှာတင် မင်းမဲ့စရိုက်တွေပျောက်ကုန်တယ်။ ကြားဖြတ်ပြောရဦးမယ် ကျွန်တော်တို့ရပ်ကွက်ထဲမှာ နာမည်ကြီးလူမိုက်တစ်ဦး ရှိတယ်။ လမ်းထိပ်မှာ အဲဒီလူ ထိုင်နေတုန်း ရပ်ကွက်ထဲက ကောင်လေးတစ်ယောက်က လမ်းသွားရင်း အမှတ်တမဲ့ ကြည့်မိလိုက်တယ်။

အဲဒီလူက မင်းငါ့ကိုဘာကြည့်တာလဲ ဆိုပြီး လက်လိမ်ချိုးလိုက်တာ အရိုးကျိုးပါရောလား အဲဒါ ကောင်လေးမိဘတွေက ဘာမှပြန်မတုန့်ပြန်ရဲတဲ့အပြင် အဲဒီလူမိုက်ကိုတောင် ပြန်တောင်းပန်လိုက်ရသေး.။ ခေတ်ကအဲသလို ပါ။ ကြောက်စရာကောင်းတယ်။ အရေးခင်းကာလ က မခြူးနာမည်ကြီးတယ်။ ခေါင်းပြတ်နှစ်လုံးကိုင်ပြီး ဘဲရီးဂွတ် ဘဲရီးဂွတ် လို့ဗီဒီယိုအရိုက်ခံတဲ့လူ လဲရှိတယ် ကမ္ဘာကျော်သွားတယ်။

ရုပ်ပျက်ဆင်းပျပ် အလောင်းကောင်ကို ထမ်းစင်ပေါ်တင်ပြီး ဓါးလွတ်တွေကိုင်ကာ အော်ဟစ်ပြီးလှုံ့ဆော်ကြတယ်း လမ်းဘေး ခေါင်းဖြတ်ခံထားရတဲ့အလောင်းတွေး ဂိုဒေါင်ဖောက်ကြ ဖောက်ထွင်ပစ္စည်းတွေရောင်းချကြ။ မင်္ဂလာတောင်ညွန့် (၆) လမ်းငံပြာရည်စက်ရုံ ဝင်လုကြတော့ ငံပြာရည်ကန်ထဲ မိန်းမကြီးတစ်ဦးကျသေ။

ကောင်းဦးမယ် ငံပြာရည်အဖေက ဒီညပဲ ရွာကိုပြန်မယ် တစ်ရွာလုံးက မင်းကိုသေပြီလို့သတ်မှတ်ထားတာ ဒီည ရထားစထွက်မယ်လို့ပြောတယ် ဟုတ်ကဲ့ အရေးအခင်းဖြစ်နေတုန်းက မိဘကိုလုံးဝ သတိရတာမဟုတ်ဘူး။ ပတ်ဝန်းကျင်နိုင်ငံရေး လှိုင်းထဲမျောနေတာ နောက်က မိဘတွေစိုးရိမ်ပူဆွေးနေကြတယ်ဆိုတော့ ပြန်မှဖြစ်မှာပေါ့။ ဒါနဲ့ မနက်အစောကြီးဘူတာကြီးကိုလက်မှတ်ဖြတ်ဘို့သွားတယ်။

ကားတွေမထွက်တော့ တော်တော်လေးစောင့်ရတယ်။ ၃၈ ကားလေးတစ်စီးထွက်တော့ ကျပ်ကျပ်သိတ်သိတ် လိုက်သွားရတယ်။ လမ်းဘေးမှာ ညက ပစ်သတ်ထားတဲ့အလောင်းတွေ (ညမထွက်ရ အမိန့်ထုတ်ထားတာ ဘာအကြောင်းကြောင့်ထွက်ကြ အပစ်ခံရလည်းမသိဘူး) ဝမ်းရေးကြောင့်လဲပါမယ်။ ဟောတစ်လောင်း တွေ့ပြန်ပြီနောက်တစ်လောင်း ကျွန်တော်ရေလာတာ ၁၀ လောင်းရှိပြီ ဘူတာမရောက်သေးဘူး ။ မရေချင်တော့ဘူး။ ဘူတာလဲရောက်ပြီ။

“ ဒီည ရထားမထွက်ဖြစ်ဘူးတဲ့““ဒုက္ခ ပဲ ဘယ်လိုလုပ်ကြမလဲ ဘူတာထဲလဲ ညအိပ်လက်မခံဘူး““နောက်ပြန်မလှည့် ချင်ဘူး“ “ အဖေ– ဘူတာနားမှာ အဖေ့ဇာတိရွာက လူတစ်ယောက်ရှိတယ်။ ကျွန်တော်တစ်ခေါက် ရောက်ဖူးတယ် အဲဒီမှာ ပြောပြီးတည်းကြမလား“ “ဟုတ်လား ငါ့ရွာက ဆိုရင်သိလောက်တယ် အဲဒီလိုပဲလုပ်ကြတာပေါ့“ ရပ်ဆွေ ရပ်မျိုးဆိုတော့ အရေးကြုံတော့ အားကိုးရတယ်။ ဖော်ဖော်ရွေရွေပါပဲ။ မနက် ၁၀ နာရီလောက် ဘူတာရုံကို ချေလျှင်သွား ရထားလက်မှတ်ဖြတ်ဘို့ ရထားဂုံးကျော်တံတားကအဆင်း မင်းသားကြီးတေးသံသွင်းရှေ့ ——— “ဒိုင်း“ လုံထိမ်းက ကစားဝိုင်းဒိုင်ကို ပစ်ထည့်လိုက်တာ။

မှောက်ရက်ကြီးသေရော– ဗိုက်အောက်က သွေးတွေစီးဆင်းလာတာ ရေအိုးကျကွဲရင် ရေတွေစီးဆင်းသလိုပဲ။ မျက်စိရှေ့မှာ ကားလမ်းပဲခြားတယ်။ လမ်းဘေးမှာ လောင်းကစားဝိုင်းလုပ်ကြတယ်။ လုံထိမ်းလာတော့ ပရိသ၁တ်ကထွက်ပြေးတယ်။ ဒိုင်က ပိုက်ဆံကိုကျူံးသိမ်းနေတုန်း နောက်က ပစ်လိုက်တာ။

အဖြူရောင်ဝတ်ထားတဲ့ လုံထိမ်းသုံးရောက် အေးဆေးပဲ။ စကားတစ်ပြောပြောနဲ့ ။ အပျော်တမ်း အမဲပစ်ထွက်နေသလိုပဲ။ အလယ်ကလူကပစ်လိုက်တာ။ခဏနေ ကားရောက်လာတယ် အလောင်းကို ကားပေါ်ပစ်တင်လိုက်တယ်။ ပြီးပြီ။ ဒါပဲ။ အဲဒီနေ့က လည်းရထားကမထွက်ပြန်ဘူး။ အားနာနာနဲ့ တည်းတဲ့အိမ်ပြန်ရပြန်ရော။

ညဘက်ကျတော့ ရေဒီယိုက အဲဒီသတင်းပါလာတယ်။ မြန်မာ့အသံက ခုခံလို့ပစ်သတ်လိုက်ရကြောင်း ။ ဒိုင်ဟုယူဆရသူတစ်ဦး သေကြောင်း။ သတင်းထုတ်ပြန်တယ်။ BBC ကတော့ သေတာတစ်ယောက်မကဘူး (၇)ဦးအထက်ရှိကြောင်း ။ အနားမှာ ကွမ်းယာရောင်း နေတဲ့ ကုလားကြီးလဲပါကြောင်း။

မိန်းမပျိုလေးတွေလည်း ကားပေါ်ဇွတ်ဖမ်းတင်သွားကြောင်း မျက်မြင်သမားတစ်ဦးက သတင်းပေးပို့ကြောင်း———— အလို ဘုရား—-ဘုရား——-ကြောက်စရာကောင်းလိုက်တာ နိုင်ငံရေး နိုင်ငံရေး။ အဲဒီကတည်းက နိုင်ငံရေးသမားတွေပြောတဲ့စကားဆိုရင် လွယ်လွယ်မခံစားတော့ဘူး။ ဟုတ်ရဲ့လား မှန်ရဲ့လား အရင်စဉ်းစားတတ်လာတယ်။

ခံစားချက်ကို ရှေ့တန်းမတင်ပဲ အသိဉာဏ်ကိုရှေ့တန်းတင်ဘို့ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်တတ်လာတယ်။ ဒီလိုရေးတော့ ဒီကောင်လည်း အစိုးရဘက်တော်သားလို့ ဝိုင်းပြီးဆဲမလား။ သာမန် နိုင်ငံသား တစ်ယောက်ပါဗျာ။ ဒါပေမယ့်ကျွန်တော်က ကျွန်တော်မွေးဖွားလာတဲ့ ဒီနိုင်ငံကိုချစ်တယ်။ ခေါင်းဆောင်တွေညံ့ဖျင်းခဲ့လို့ လွတ်လပ်ရေးရပြီးကတည်းက ဒီနေ့အထိ စီးပွားရေးတွေနောက်ကောက်ကျ။

ပညာရေးတွေနောက်ကောက်ကျ။ နည်းပညာတွေနောက်ကောက်ကျ ။ အရာရာ နောက်ကောက်ကျခဲ့ပေမယ့် ကျွန်တော်ဒီနိုင်ငံကို အချစ်မလျှော့ဘူး။ ကျွန်တော်ဒီနိုင်ငံကို အထင်မသေးဘူး။ အနာဂတ်မှာ ကျွန်တော်တို့နိုင်ငံ လက်မပြန်ထောင်နိုင်ဘို့ မျိုးဆက်သစ်လေးတွေကို ကျွန်တော်ပြောချင်တယ်။

ခံစားချက်ကို အလွယ်တကူ ရှေ့တန်းမတင်ပါနဲ့ အမှားအမှန်ကို ဝေဖန်ခွဲခြားသိနိုင်တဲ့ဉာဏ်ကို ရင့်သန်အောင်ကြိုးစားရင်း နိုင်ငံတော်ကြီး ရဲ့သားကောင်းရတနာများဖြစ်အောင်ကြိုးစားကြပါ လို့။ ။

ကိုစိုးနိုင်

 

Be the first to comment

Leave a Reply

Your email address will not be published.


*