မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် …

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ***

ဂျူ း

အပိုင်း-၁၃

မောင်နှင့်ကျွန်မ မတန်ဘူး၊ သဘောမတူနိုင်ဘူးဟူသော ထင်မြင်ချက် များကို မောင်ကြားရသည့်အခါ အတ္တကြီးသောမောင်သည် ဆတ်ဆတ်ခါ အောင်နာလေသည် ။ နာသာနာကျင်လျက် ပတ်ဝန်းကျင်အမြင် ကိုပြောင်းပြန် ဖြစ်အောင် သက်သေပြဖို့ မစွမ်းသာသောအခါ မောင်သည် ကျွန်မနှင့် ပတ်ဝန်းကျင်အကြားတွင် ခက်ခဲပင်ပန်းစွာ ရင်ဆိုင်ရပ်တည်နေရသည် ။

“ကျွန်တော်ကနှင်းနဲ့စာရင် ပညာအဆင့်အတန်း၊ ဂုဏ်သိက္ခာတော် တော် နိမ့်နေတယ်လို့ နှင်းရော တကယ်ထင်သလားဟင်”

မောင်က ကျွန်မကို နူးညံ့သိမ်မွေ့စွာ ပြုံးပြလျက် မေးပါသည် ။

“ပစ္စည်းတိုင်း ပစ္စည်းတိုင်းဟာ တန်ဖိုးထားတတ်သူရဲ့လက်ထဲမှာ တန်ဖိုးရှိကြတာချည်းပဲ မောင်ရဲ့”

ကျွန်မ၏ ဖြေသိမ့်စကားကို မောင် မတင်းတိမ် မကျေနပ်နိုင်ခဲ့ပါ။

“ကျွန်တော်ဟာ နှင်းတစ်ယောက်တည်းအတွက်သာ တန်ဖိုးရှိနေတယ် ဆိုရင်တော့ ကျွန်တော့်ရပ်တည်မှုကို ပြန်စဉ်းစားဖို့ ကောင်းနေပြီ”

မောင်က စီးကရက်ကို တအားရှိုက်ဖွာ၍ တစ်ခဏငြိမ်သက်နေပြီးမှ မာနမျက်လုံးဖြင့် ကျွန်မကိုကြည့်သည် ။

“ကျွန်တော်က သမိုင်းပညာရှင် တစ်ယောက်ဖြစ်ချင်တယ်။ ကျွန်တော့်အတွက်ကတော့”ဖြစ်ချင်တယ်ဆိုတာ”ဖြစ်ရမယ်” ပဲ။ အခြေ အနေနဲ့အချိန်အခါ လုပ်ပိုင်ခွင့် ကန့်သတ်ချက်တွေကြောင့် ကျွန်တော် လှုပ်ရှားလို့မရဘဲ ရပ်နေရတယ်၊ လူကရပ်နေရပေမယ့် ကျွန်တော့်ပညာနဲ့ အသိဉာဏ်ကို မရပ်အောင် ကျွန်တော် အမြဲခိုင်းနေခဲ့တယ်။ ကျွန်တော်က ကျွန်တော့်ဘဝကို အဓိပ္ပာယ်ရှိရှိ ရပ်တည်ချင်တယ်၊” နိုင်ငံတစ်နိုင်ငံကိုမှ (ဒါမှမဟုတ်)လူမျိုးစုတစ်စုကိုမှ တန်ဖိုးရှိအောင် ကျွန်တော်လုပ်မပေးနိုင်ဘူးဆိုရင် ကျွန်တော့်ဘဝမှာ ကျွန်တော်အသက်ရှင်ရတာ ရှက်စရာကြီးလို့ ကျွန်တော် ယူဆထားတယ်။

နှင်းတို့ ဆရာဝန်တွေဟာ လူတွေရဲ့ အသက်ကို ကယ်တင်နိုင် သလို သမိုင်းပညာရှင်တွေဟာ လူသားတွေရဲ့ သမိုင်းကို ကယ်တင်ပေးကြတာ ပါပဲ ။ ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုတွေ၊ စီးပွားရေး စနစ်တွေ၊ လူမှုရေးစနစ်တွေကို
လက်တွေ့နဲ့ စဉ်းစားဆင်ခြင်ဉာဏ်၊ အတိတ်နဲ့ ပစ္စုပ္ပန် နှစ်မျိုးပေါင်း မြှင့်တင်ပေးနေကြတယ် မဟုတ်ဘူးလား၊ လူတွေရဲ့ အသက်ဟာ အရေးကြီး တယ်ဆိုရင် ဒီလူတွေရဲ့ ဆင်ခြင်ဉာဏ်နဲ့ ယဉ်ကျေးမှုကရော အရေးမကြီးဘူး လား လူသားရဲ့ ကျန်းမာရေးက အရေးကြီးတယ်ဆိုရင် လူသားရဲ့ ကိုယ်ကျင့်တရားကရော အရေးမကြီးဘူးလား”

မောင့်မျက်လုံးများ၏ တောက်ပစူးရှမှုကို ကျွန်မ ပထမဦးဆုံးအကြိ သတိထားမိကာ တအံ့တသြ ငေးကြည့်မိသည်။ မောင်က သူ ့အနီးတွင် ကျွန်မ ရှိနေသည်ကို သတိမထားမိဟန်ဖြင့် စီးကရက်ပြာတောင့်ကို စိုက်ကြည့် နေ၏ ။

“လူတစ်ယောက်ရဲ့ တန်ဖိုးကို လောလောဆယ်မြင်ရတဲ့ အပြင်ပန်း သဏ္ဌာန်နဲ့ အကဲဖြတ် ရှုတ်ချလေ့ရှိတဲ့ သဘာဝကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်တန်ဖိုးကို ဘာမဟုတ်တဲ့ အနာဂတ်မဲ့တဲ့ လူတွေ၊ အကဲဖြတ် နှိမ့်ချခံရတာတော့ ကျွန်တော်နာတယ် နှင်း”

ကျွန်မမောင့်ကို ဘယ်လို ဖြေသိမ့်ပေးရမှန်း မသိအောင် ဖြစ်သွား၏။

“နှင်း”

ကျွန်မ၏ မျက်လုံးများကို စူးစမ်းရှာဖွေကြည့်ဖြင့် မောင်ကြည့်နေ ကျွန်မ ပြုံးပြလိုက်မိသည် ။

“အမှန်အတိုင်း ပြောစမ်းပါနှင်း၊ ကျွန်တော့်ရဲ့ ချစ်သူဖြစ်ရင်း မှားသွားပြီလို့နှင်း မထင်ဘူးလား”

ဤမေးခွန်း၏ ခက်ခဲမှု အတိုင်းအတာကို ကျွန်မ နားလည်စွာပင် ချက်ချင်း မဖြေသေးဘဲ ငြိမ်သက်နေမိသည် ။ အမှန်ကတော့ ထိုမေးခွန်းကို ကျွန်မဖြေနိုင်ဖို့ စဉ်းစား အချိန်ယူချင်သေးသည်။ သို့သော် ယခုအချိန်မှာ မဖြေဘဲ ထားလျှင်သည့်ထက်မက မောင်နာကျည်းနိုင်ပါသည်။

“အမှားအမှန်ဆိုတာ ရွေးချယ်မှုရဲ့ ရလဒ်ပဲ၊ အချစ်ဆိုတာ ရွေးချယ် မှုမဟုတ်ဘူးလေ…ဒီတော့အချစ်မှာ မှားတယ်ဆိုတာ မရှိဘူး”

ကျွန်မ၏ အဖြေကို မောင်မကျေနပ်နိုင်ခဲ့ပါ ။ ကျွန်မအမှန်အတိုင်းဖြေရ ခက်ခဲနေသည်ဟု မောင်ထင်သွားသည်။ မောင့်တန်ဖိုးကို ကျွန်မကိုယ်တိုင်း နားလည်မှုလွဲနေပြီဟု မောင်ထင်သွားသည်။ မောင်ကကျွန်မကို မခံချိမခံသာအပြုံးဖြင့် နှစ်သိမ့်၏ ။

“ကျွန်တော့်ကို ငါးနှစ်ပဲ အချိန်ပေးပါ နှင်းရယ်၊ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်ကို ကျွန်တော်ပြောင်းပေးပါမယ့်၊ကျွန်တော်ကြောင့် နှင်းဂုဏ်မငယ် စေရဘူးဆိုတာ ကျွန်တော် ကတိပေးပါတယ်”

လှိုက်လှဲသော နာကျည်းမှု အငွေ့ အသက်ဖြင့် မောင့်အသံသည်တိုးတိတ် စွာ တုန်ခါနေ၏ ။ ကျွန်မ မျက်ရည်ဝေ့လည်လျက် ပြုံးရွှင်စွာ ခေါင်းညိတ်ပြခဲ့ လေသည် ။

မောင်နှင့်ကျွန်မ မတူမတန်ဘူးဟု ကျွန်မဘက်က နာကာ မောင့်ဂုဏ် သိက္ခာ နိမ့်စေခဲ့သော ပတ်ဝန်းကျင်၏ ထိုးနှက်မှုကို ကျွန်မ ပြုံးပြုံးကလေး တွန်းလှန်နိုင်ခဲ့သော်လည်း မောင့်ဘက်ကနာကာ ကျွန်မဂုဏ်သိက္ခာနိမ့်စေခဲ့သော ပတ်ဝန်းကျင် ထိုးနှက်မှုကိုတော့ ကျွန်မဒေါသတကြီး ရင်ဆိုင်ခဲ့ရပါသည်။

တစ်ခါတုန်းက မောင့်ထံမှ စာအုပ်တစ်အုပ်ယူရန် မောင်ရှိနိုင်မည့် နံနက်(၇)နာရီ အချိန်တစ်ခု၌ မောင့်အိမ်သို့ကျွန်မရောက်သွားဖူးသည် ။ မောင့် မိခင်က သံဆွဲတံခါးနောက်မှာ လာရပ်၍ မောင်မရှိကြောင်း အဖြေပေးပါသည်။

“သား ခြောက်နာရီခွဲကတည်းက အပြင်ထွက်သွားတာ”ဟု အပြုံးအရယ် မရှိပြောသော မောင့်မိခင်၏ မျက်နှာအရိပ်အကဲ၌ ကျွန်မအပေါ် ငြိုငြင်ချင် သလို ကျွန်မခံစားရသည်။ မောင့်မာမီမျက်နှာဟာ ဟိုတုန်းက မျက်နှာမျိုး မဟုတ်ဘူးဟု ကျွန်မထင်သည် ။

“သူရုံးကို တစ်ခါတည်း သွားမှာလား အန်တီ”ဟု ကျွန်မက မနေနိုင် မထိုင်နိုင် လျှာရှည်မိတော့ မောင့်မိခင်က “သူဘာမှပြောမသွားဘူး”ဟုဖြေ၏။ တကယ်တော့ ဤစကားသည် အမှန်အတိုင်းပြောသော စကားဖြစ်၍ ကျွန်မ အခံရခက်စရာ မလိုပါ။ သို့သော်ကျွန်မ၏ အပြုံးကို မတုန့်ပြန်သော မောင့် မိခင်၏ အေးစက်စက်မျက်နှာထားကြောင့် ကျွန်မဖြန်းခနဲမျက်နှာပူ နွေးရက်ရွံ့ သွားပါသည်။

ကျွန်မအပြုံးကို ကြိုးစားတည်တံ့စေပြီးနောက် “ကျေးဇူးတင် ပါတယ်အန်တီ … ပြန်ခွင့်ပြုပါ”ဟု ယဉ်ကျေးသိမ်မွေ့ စွာ နှုတ်ဆက်ခဲ့ပါသည်။ လမ်းပေါ်ခမ်းလှမ်းလှမ်းလျှောက်မိတော့မှ တွေ့ ရာ ကျောက်စရစ်ခဲ တစ်ခုကို
ဒေါသတကြီး ကန်ထုတ်ပစ်လိုက်ရသည် ။ ညနေဆေးခန်းရှေ့မှာမောင်လာကြုံတော့ ကျွန်မ ဆက်လက် မျိုသိပ်မထားနိုင်တော့ပေ ။ လိုင်းပေါက်မှတ်တိုင်သို့ လမ်းလျှောက်လာချိန် အခိုက် မောင့်ကိုဖွင့်မေးမိတော့သည် ။
“ကိုယ့်အပေါ်ထားတဲ့ မောင့်အမေရဲ့ သဘောထားက မောင်သိလား”

မောင်က အံ့ဩသလို လှည့်ကြည့်သည် ။

“ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့နှင်းက ဘယ်လိုဖြစ်ပြီး မာမီ့သဘောထားကို စိတ်ဝင်စားရတာလဲ”

“စိတ်ဝင်စားစရာ အကြောင်းရှိလာလို့ပေါ့ ၊ ဖြေစမ်းပါမောင်ရ”

မောင်က ကျွန်မကို စဉ်းစဉ်းစားစားကြည့်၍ “ဒီလိုပဲနှင်းရဲ့”ဟုဖြေသည်။ သည်တော့ကျွန်မပို၍ သေချာချင်လာသည် ။ မနက်က ကြုံတွေ့ရသေ အဖြစ်ကို ကျွန်မ ပြန်ပြောပြလိုက်သည် ။ မောင်က သက်ပြင်းတစ်ချက် လေူ ပင်စွာ ရှိုက်လိုက်လေသည် ။

“မာမီရဲ့ သဘောထားကို နှင်းတကယ်သိချင်ရင် ကျွန်တော်ပြောပြမယ် ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ရဲ့အချစ်ကို မာမီ့ သဘောထားက ပြောင်းမပစ်နိုင်ဘူး ဆိုတာတော့ နှင်းလက်ခံတယ် မဟုတ်လား”

ကျွန်မ မောင့်ကိုရဲဝံ့စွာ ပြုံးပြလိုက်၏ ။

“သိပ်လက်ခံတာပေါ့ မောင်ရာ ကိုယ်တို့နှစ်ယောက်ကို ဘယ်သူကမှ မခွဲနိုင်ဘူး ၊ ကိုယ်တို့နှစ်ယောက် ကိုယ်တိုင်ရဲ့ ဆန္ဒနဲ့အားလုံးကို ဆုံးဖြတ်မယ် ”

ထိုအခါ မောင်က ကျေနပ်စွာ ပြုံးလေသည် ။

“မာမီ့ သဘောထားကတော့ နှင်းကို သိပ်မကြည်ဖြူဘူး”

မျှော်လင့်ထားပြီးသော စကားဖြစ်ပါလျက် တကယ်ကြားလိုက်ရ အခါ ဒေါသ ထောင်းကနဲ ထသွားသည်။ ကျွန်မ ဟန်ဆောင်ပန်ဆောင် မေ့ထားသော ပညာမာနသည် ချက်ချင်းကြွတက်လာ၏ ။

“သူ့သားနဲ့ မတန်ဘူးဆိုတဲ့ အဓိပ္ပာယ်လားမောင်”

ခပ်ဆတ်ဆတ်လေသံဖြင့်ကျွန်မမေးမိတော့ မောင်မဖြေခဲ့ပါ ။ မောင်မဆို တော့ ကျွန်မကပို၍ အခံရခက်သွားသည်။ လမ်းလျှောက်နေရာမှ တုန့်ခနဲ ရပ်ပစ်လိုက်ကာ မောင့်ကို မျက်နှာချင်းဆိုင်၍ ကြည့်လိုက်သည်။

“သက်နှင်းအိမ်က ဘာတွေများချို့ယွင်းနေလို့ မောင်မာမီက သဘောမတူနိုင်ရတာလဲ”

မောင်က ကျွန်မလက်ဖျားလေးတစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်လျက် ရှေ့သို့ဆက်လျှောက်သွားကာ ကျွန်မ လိုက်ပါအောင် ဆွဲခေါ်သည် ။

“နှင်း အဲဒီလောက် ဒေါသမကြီးနဲ့လေ ..မိခင်တစ်ယောက်ဟာ သူ့ရဲ တစ်ဦးတည်းသော သားကလေးရဲ့ အချစ်ကိစ္စမှာ ဒီလောက်တော့ သဘောမတူခွင့်၊ ထင်မြင်ချက်ပေးခွင့်ရှိတယ် မဟုတ်လား”

ရယ်မြူးရိပ်ဖြင့် ပြုံးရွှင်နေသော မျက်လုံးများက ကျွန်မကိုနောက်ပြောင် လိုဟန်ရှိသည်။ ကျွန်မ ခေါင်းခါယမ်းလိုက်၏ ။

“ဒါပေမယ့် အဲဒီလိုထင်ဖို့အတွက် ကိုယ့်ရဲ့ချို့ယွင်းချက်တွေက ဘယ်မှာ လဲ၊ ကိုယ်က ယုမော်ထက် အဆင့်နိမ့်နေသလား ၊ မောင့်မှာလဲမိဘနှစ်ယောက်လုံး မစုံလင်ဘဲ အမေတစ်ယောက်သာ ရှိတော့တယ်။ ကိုယ့်မှာလဲ မိဘမစုံတော့ဘဲ အဖေတစ်ယောက်သာ ရှိတော့တယ်၊ မောင်လဲ လူပျိုလူလွတ် ကိုယ်လဲ အပျို လူလွတ် ကိုယ်နဲ့ချစ်မိလို့ မောင်နှစ်နာစရာအကြောင်း မမြင်မိပါဘူး”

မောင်က ကျွန်မစကားကို သဘောကျသလို နူးညံ့စွာ ရယ်မောသည် ။

“နှင်းက မမြင်ပေမယ့် မာမီက မြင်လို့ပေါ့ နှင်းရဲ့ … ကဲပါ အဲဒါတွေ မစဉ်းစားနဲ့တော့၊ မနက်ဖြန်နှင်းလိုချင်တဲ့ စာအုပ်ကို မနက်အစောကြီး ကျွန်တော်လာပေးမယ် ….ကျေနပ်တော့နော်”

“မကျေနပ်နိုင်ဘူး”

ကျွန်မ ခပ်ဆတ်ဆတ် အော်ပြောလိုက်မိသည်။ ကျွန်မအော်သံကြောင့်မောင် ဗြုန်းခနဲလန့်သွားကာ ကျွန်မလက်ကို ဆုပ်ကိုင်ထားရာမှ လွှတ်လိုက်၏။ မှတ်တိုင်ရှိရာသို့ လှမ်းနေသော ခြေလှမ်းတွေကို ရပ်ပစ်လိုက်ပြီး ကျွန်မနှင့် မျက်နှာချင်းဆိုင် ရပ်လေသည်။ လမ်းမီးရောင် အောက်က မောင့်မျက်နှာမှာ စိတ်ရှုပ်ထွေးဟန် ရှိသည် ။

“လမ်းမကြီးမှာ နှင်း ဘာဖြစ်လို့. အဲဒီလိုအော်ရတာလဲ၊ လူတွေက ဘယ်လိုထင်မလဲနှင်းရဲ့”

“ဘယ်လိုထင်ထင် သောက်ဂရုမစိုက်ဘူး”

မောင်အနေရ ခက်သွားကာ ပလက်ဖောင်းဝဲယာကို ဟိုဟိုသည်သည် ကြည့်သည်။ ခပ်လှမ်းလှမ်း မှတ်တိုင်မှာ လူသုံးလေးယောက် ကျွန်မတို့ဘက်သို့ လှမ်းကြည့်နေကြ၏။ ကျွန်မစိတ်ကို ပြန်ထိန်းချုပ်လိုက်ပြီး သက်ပြင် ရှိုက်လိုက်သည် ။

“သက်နှင်းအိမ်ဟာ ဆရာဝန် တစ်ယောက်ပဲ ၊ ဆရာဝန် တစ်ယောက်ကို ယူလိုက်ရင် သူ ့သား ထမင်းငတ်မယ်လို့များ ထင်နေလို့လား”

ခပ်တိုးတိုး လေသံအေးအေးကလေးဖြင့် ကျွန်မ ရေရွတ်မိတော့ မေး ကျွန်မကို ရုတ်တရက် လှည့်ကြည့်သည်။ မောင့်မျက်နှာက တင်းမာနေ၏။

“နှင်း …၊ နှင်းစကားက မာမီ့ကို စော်ကားချင်တာလား ကျွန်တော့်ကို စော်ကားချင်တာလား”

နှစ်ယောက်လုံးပဲဟု မဖြေမိအောင် ကျွန်မ နှုတ်ခမ်းတွေ တင်းတင်း ထားလိုက်ရသည် ။

“ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကို ထည့်ထည့်မပြောစမ်းပါနဲ့နှင်း …နှင်းရဲ့ အဲဒီ ဂုဏ်ပုဒ်ကို မာမီရော ကျွန်တော်ရော လုံးဝ သောက်ဂရု မစိုက်ဘူ နားလည် လား ၊ အဲဒါကို နှင်းခေါင်းထဲမှာ အမြဲထည့်ထား ။ ကိုယ့်ပညာကိုယ် သိပ်တော့ အထင်မကြီးနဲ့ .. မြန်မာနိုင်ငံကလူတွေ ဆရာဝန်ဘဝကိုဘာကြောင့် နှစ်သက်တယ်၊ ဘယ်လို စိတ်အခြေခံနဲ့ ရွေးချယ်ကြတယ်ဆိုတာ ကျွန်တော် သိတယ်၊ ဘယ်လိုနည်းနဲ့ အသက်ရှင် ရပ်တည်ကြတယ်ဆိုတာ ကျွန်တော် သိတယ်၊ ဒီတော့ နှင်းတို့က ကျွန်တော်တို့ကို အထက်စီးနဲ့ ကြည့်ရင်ကျွန်တော်မကြိုက်ဘူး၊ နှင်းက ကျွန်တော့်ထက် တော်တယ်လို့လဲ ဘယ်တုန်းကမှ မထင်ခဲ့ဘူး”

တိုးတိုးကလေး ပြောပေမယ့် မောင့်စကားများက ကျွန်မကို ပြင်းထန်စွာ ထိမှန်လာသည် ။ ကျွန်မသည် ဒေါသကိုထိန်းချုပ်လျက် မောင့်မျက်လုံးများကို စိုက်ကြည့်နေမိသည်။ မောင်ကလည်း ကျွန်မမျက်လုံးများကို စူးရှစွာ စိုက် ကြည့်နေ၏။

“နှင်းသိထားဖို့က မိန်းမတစ်ယောက်ဟာ ဆရာဝန်ဖြစ်နေရုံကလေးနဲ့ တော့ ယောက်ျားတစ်ယောက်ကို လွယ်လွယ်ကူကူ မရနိုင်ဘူး”

ထိုစကားအဆုံးမှာတော့ ကျွန်မ ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘဲရှိသ အင်အားကို အသုံးပြုကာ မောင့်မျက်နှာကို လှမ်းရိုက်ချလိုက်သည် ။ မောင်က ကျွန်မ ရိုက်မှာ ကြိုတင်သိပုံရကာ ကျွန်မလက်ကို လျင်မြန်စွာ ဖမ်းဆွဲ ထိန်းချုပ်လိုက်လေသည်။ ကျွန်မသည် မောင်တအား ဆုပ်ကိုင် ဖျစ်ညှစ်ထား၍ နာကျင်သွားသော လက်ကို မလွှတ်ဘဲ အလိုက်သင့် လျှော့ချထားရင်း မျက်တောင် တဖျပ်ဖျပ် ဖော်ကာ မျက်ရည်ကို ထိန်းထားလိုက်သည် ။ ရင်ထဲမှာတော့ ဒေါသဖြင့် ခိုက်ခိုက်တုန်အောင် နာကျည်းနေ၏ ။

“ဆောရီး … ကျွန်တော်က နှင်းကို စော်ကားဖို့ ဒီကား ပြောတာ မဟုတ်ပါဘူး၊ ကျွန်တော် ယုံကြည်ချက်ကို နှင်းသိအောင် ပြောတာပါ”

ထို့နောက် ကျွန်မလက်ကို မောင့်မျက်နှာဆီသို့ ဆွဲယူကာ နှုတ်ခမ်းဖြင့် ထိကပ်နမ်းပြီးမှ အသာအယာ လွှတ်ပေးလိုက်လေသည်။ မောင်က ကျွန်မကို ညင်ညင်သာသာ ပြုံးကြည့်နေတော့ ကျွန်မ မောင့်မျက်နှာကို မကြည့်ဘဲ မျက်နှာလွှဲကာ အံကြိတ်သားမိသည်။

“ကျွန်တော်တို့ မှတ်တိုင်မှာ ကားစောင့်ရင်း ရုပ်စကားပြောတာက ပို ကောင်းမယ်ထင်တယ်၊ လာ ..နှင်း ..ဒီအတိုင်းကြီးက သိပ်မဟုတ်ဘူး”

ကျွန်မသည် ပတ်ဝန်းကျင်ကို သတိရကာ မောင့်နောက်မှ မလှမ်းချင်လှမ်းချင် လိုက်ပါသွားရသည် ။

“ကျွန်တော် သိပ်ချစ်ရတဲ့ မိန်းမတစ်ယောက် ဆရာဝန်ဖြစ်နေတာကို ကျွန်တော် ဘာတတ်နိုင်မှာမို့လဲနှင်းရယ် .. နှင်း ကျွန်တော့်ကို နားလည်နိုင်ရင် ဘယ်လောက် ကောင်းမလဲ”

စိတ်ပျက် အားငယ်သော မောင့်အသံကြောင့် ကျွန်မ တင်းထားသော ဒေါသတွေ တဖြည်းဖြည်း လျှောကျသွားသည်။ မှတ်တိုင်မှာ လုပ်မိကြတော့ မောင်က ကျွန်မကို ပြုံးပြသည်။

“Je t’aime beaucoup. Tu me crois?”

ကျွန်တော် ခင်ဗျားကို သိပ်ချစ်တယ် ယုံရဲ့လားဟု မေးတော့ ကျွန်မခပ်စုစု ပြုံးလိုက်မိလေသည် ။

“ကိုယ်ယုံပါတယ်၊ ဒါပေမယ့် ကိုယ်ဘာဆက်လုပ်ရမှာလဲ”

“ဘာကိုလဲနှင်း”

“ဪ … အကြောင်းပြချက် မရှိဘဲ သူ့သားနဲ့ သဘောမတူနိုင်တဲ့ ကိုယ့်ယောက္ခမလောင်းကြီး သဘောတူလာအောင် ကိုယ်က ဘာတွေများကြိုးစားပေးရဦးမလဲလို့”

ကျွန်း ရိုချင်သည်ကို မောင်, နားလည်စွာ မသက်မသာ ပြုံး ထို့နောက် ပလက်ဖောင်းပေါ်မှာ လေဖြင့် လွင့်ပါသွားသော စက္ကူစကလေးကိုဟိုးခပ်ဝေးဝေးအထိ လိုက်ကြည့်နေပြီးမှ ကျွန်မ ဘက်သို့ လှည့်ကြည့်သည်။
“အမှန်အတိုင်း ပြောရရင်တော့ မာမီ နှင်းကို မကြည်ဖြူတာ နှင်း ကိုယ်ကျင့်သိက္ခာကိုပဲနှင်း”

ကျွန်မ နားထဲမှာ ဗုံးပေါက်ကွဲသလို .. ကျယ်လောင်စွာ ထိုးဖောက် တို့ ရောက်သွားသည့် ကိုယ်ကျင့် သိက္ခာဟူသော စကားလုံးကို ကျွန်မ မယုံကြ နိုင်အောင် ဖြစ်နေမိပါသည် ။ ကျွန်မ တစ်ကိုယ်လုံး တောင့်တင်း အေးစက် မျက်နှာကတော့ ပူလောင်လာသည်။

“နင်း ဒေါသကို ထိန်းဦးနော်၊ ကျွန်တော် ရှေ့ဆက် ပြောမလို့”

ကျွန်မဲ့ ခပ်မဲ့မဲ့ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည် ။

“ဖြစ်သွားတဲ့ပြဿနာက ကျွန်တော့်ကြောင့်ပဲ ၊ အဲဒါကို နှင်းသိပြီးတဲ့အခါ နှင်း မာမီ့ကို အပြစ်တင်မလား ကျွန်တော့်ကို အပြစ်တင်မလား၊ ဒါန မဟုတ် နှင်းကိုယ်နှင်း အပြစ်တင်မလား ကျွန်တော် မသိချင်ဘူးနော် … ကျွန်တော့်ကို နှင်းဘာမှ မပြောပါနဲ့”

ကျွန်မ အနည်းငယ် အံ့ဩစွာပင် ခေါင်းညိတ်ပြဖို့ မေ့နေသည် ။

“နင်းနဲ့ ကျွန်တော်နဲ့ ချစ်သူဘဝအစပိုင်း ရက်တွေမှာ နှင်းရဲ့ အစ လူကြောင့် ကျွန်တော်ဘယ်လောက် နစ်နာခဲ့တယ်ဆိုတာ နှင်းသိပါတယ်နော် ”

“ကိုယ် စိတ်မကောင်းပါဘူး မောင်ရယ်”

“ထားလိုက်ပါ နှင်း.. အဲဒါကို အခုချိန်မှာ တတ်နိုင်သမျှ ကျွန်တော်ဖယ်ထုတ်ထားပါတယ်၊ ဒါပေမယ့် အဲဒီ ရက်တွေတုန်းကတော့ ကျွန်တော် ရင်ထဲမှာ မီးလောင်နေသလိုပဲအခံရ ခက်တယ် ၊ နှင်းကိုလဲအရမ်းနာကျည်းတယ် မုန်းတီးဖို့ ကြိုးစားတယ်မရဘူး၊ အဲဒီ အချိန်မှာ ကျွန်တော့် ခံစားချက်ကို ရီတာ့ဆီမှာ ဖွင့်ချခဲ့မိတယ်”

ဘုရားရေ … ရီတာ …။ ကျွန်မ ထိုမိန်းကလေးကို မေ့ထားမိခဲ့ ဘယ်လောက် ကြာခဲ့ပြီလဲ။ ထိုမိန်းကလေးနှင့် မောင်၏ ရင်းနှီးမှုအတိုင်းအား ကိုလည်း ကျွန်မ အတွင်းကျကျ မသိခဲ့ရပါလား။

“မစိုးရိမ်ပါနဲ့နင်း …ရီတာက မြန်မာနိုင်ငံမှာ မရှိတော့တာ သုံးလေးနှစ် ရှိပါပြီ”

ကျွန်မကို မောင်က နှစ်သိမ့်သလို ပြုံးပြအားပေးသည်။

“ကျွန်တော် သူ့ဆီကိုစာလှမ်းလှေးပြီး နာကျည်းမှုကို ဖွင့်ပြောခဲ့ရတာပေါ့။ အမှန်အတိုင်း ပြောရရင် ကျွန်တော့်ကို အမြဲတမ်း နှစ်သိမ့်ပေးနေတဲ့ ရှိတာဆီ က အားပေးစကား ဒါမှမဟုတ်.. တိုက်တွန်းစကားတစ်ခုကို ကျွန်တော် မျှော်လင့်တာလဲပါပါတယ်၊ နှင်းကို ကဲ့ရဲ့ မျက်လုံးနဲ့ ကြည့်ကြမယ့်၊ ကြည့် နိုင်တဲ့ အခွင့်အရေးလဲရှိတဲ့ တို့က ကျွန်တော့် သူငယ်ချင်းတွေကို ဖွင့်မပြောဘဲ အဝေးမှာ ရှိနေတဲ့ သူငယ်ချင်းကိုပဲ ပွင့်ရဲတာလဲ ပါပါတယ် ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ မိန်းမတစ်ယောက်ကို ကြောင်တောင်နှိုက်ဝံ့တဲ့ ကောင်ဘဝကို ရောက်ခဲ့ပြီဆိုတာ ကျွန်တော် နာနာကျည်းကျည်း ရေးမိတယ်။

ဒီမိန်းမက ကျွန်တော်တို့ ယောက်ျားနှစ်ယောက်ကို တစ်ပြိုင်တည်း ထိန်းချုပ်ပြီး ခွေး နှစ်ကောင်… အစာလုတာကို … အရသာခံ.. ကြည့်သလို ကြည့်နေပြီဆိုတာ ကျွန်တော်ရှက်ရှက်နဲ့ ရေးခဲ့မိတယ်”

မောင် ကျွန်မကို မကြည့်ဘဲ မျက်နှာလွှဲ ထားပါသည်။ ကျွန်မ ရှက်ရှက်ဖြင့် မျက်လွှာချကာ ခေါင်းတစ်ချက် ညိတ်လိုက်မိသည် ။

“အဲဒီလို တိုင်တည်မိတဲ့ ရလဒ်ကတော့ မာမီဆီကို ရီတာက ကျွန်တော့်အဖြစ်တွေကို ပြန်ပြောပြလိုက်တဲ့ စာတစ်စောင် ရေးတော့တာပါပဲ”

ကျွန်မ မောင့်ကို မကြည့်ဘဲရှေ့မှာ ဖြတ်မောင်းသွားသော ကားတွေကို စူးစိုက်ကြည့်နေခဲ့မိသည် ။ ကျွန်မ မျက်နှာမှာ ပူနွေးသွား၏ ။

“မကြာခင်မှာ မာမီက ကျွန်တော့်ကို နှင်းအကြောင်း မေးလာရော အဲဒီနေ့က မာမီက မေးခွန်းနှစ်ခု မေးတယ်နှင်း၊ ယောက်ျားဖြစ်လျက်နဲ့ မိန်းမတစ်ယောက်ရဲ့ အပြိုင်အမြှောင် ရည်းစားဘဝကို ဘာဖြစ်လို့ အရှက် မရှိ မက်မောနေရတာလဲ ….တဲ့။ ကျွန်တော် ပထမတော့ ရှက်လည်းရှက် ဝမ်းလဲနည်းပြီး ဘာစကားမှ မပြောနိုင်အောင် ဆွံ့အသွားခဲ့ရတယ် ၊ ဒါပေမယ့် ကျွန်တော် မဖြေလို့ မဖြစ်ဘူးလေ …ကျွန်တော့် ဂုဏ်သိက္ခာအတွက်ရော နင်းသိက္ခာအတွက်ရော ကျွန်တော် ဖြေရတော့တာပေါ့။

အဲဒီ အဖြစ်ဟာ ပြီးခဲ့ပြီဆိုတဲ့အကြောင်း အခုအချိန်မှာကျွန်တော်ကသာနှင်းရဲ့တစ်ဦးတည်းသောချစ်သူတဲ့အကြောင်း ဖြေလိုက်တယ်နှင်း .….ဒါပေမယ့် နှင်းရယ် အဲဒီအချိ မှာ ကျွန်တော် မာမီရှေ့မှာ လိပ်ပြာသန့်မယ်များ ထင်သလား၊ ကျွန်တော့် မျက်နှာကို ကျွန်တော်ဘယ်မှာ ဖွက်ထားရမှန်း မသိအောင် ရှက်နေခဲ့ရတာပါ။ အဲဒီလို ရှက်မိလို့ နှင်း အပြစ်တင်ရင်လဲ ကျွန်တော် ခံရုံပါပဲ နှင်းရယ်”

အက်ကွဲသော မောင့်စကားသံ တိုးတိုးကလေးသည် ကျွန်မ ရင်ထဲ ကျယ်လောင်စွာ ထွင်းဖောက် ဝင်ရောက်လာခဲ့သည်။ ကျွန်မသည် ပင့်သက်တစ်ချက် ရှိုက်ကာ မောင့်မျက်နှာကို ကြိုးစား၍ ကြည့်လိုက်သည်။ မောင် ကျွန်မကို ကြည့်မနေပါ ။

“နောက် မေးခွန်း တစ်ခုကတော့ ဖြေရတာ လွယ်ပါတယ်”

မောင်က ခပ်မဲ့မဲ့ ပြုံး၍ လက်ပိုက်ကာ ဖိနပ်သူငုံ့ကြည့်ရင်းပြောသည် ။

“သား သူ့ကို ယူမှာလားတဲ့”

ကျွန်မ ရင်ထဲမှာ နာကျင်သွားသည်။

“နှင်းဟာ သူ့ဘဝမှာ ခင်ပွန်းတစ်ယောက် လိုအပ်တယ်လို့ သူ ကိုယ်တိုင် ယုံကြည်တဲ့ တစ်နေ့မှာ နှင်းရဲ့ ခင်ပွန်းဟာ ကျွန်တော်ပဲဖြစ်ရမယ်.. တခြား ဘယ်သူမှ မဖြစ်ရဘူး၊ အဲဒီလို ကျွန်တော်ဖြေခဲ့တယ်နှင်း”
ကျွန်မ မောင့်လက်ကို ဖမ်းဆွဲ ဆုပ်ကိုင်ကာ မျက်ရည်ဝဲလျက် ပြုံး သည်။ ကျေးဇူးအများကြီး တင်ပါတယ် မောင်ရယ် …။

အပိုင်း၁၄ဆက်ရန်

Be the first to comment

Leave a Reply

Your email address will not be published.


*