အလွမ်းဓာတ်ခံ ရှိသူတို့ မျက်ရည် မဆည်နှိုင်ဖြစ်ရတဲ့ သီတင်းကျွတ်လပြည့်နေ့ မှာရေးထားတဲ့ ပန်ဆယ်လိုရဲ့စာ

အလွမ်းဓာတ်ခံ ရှိသူတို့ မျက်ရည် မဆည်နှိုင်ဖြစ်ရတဲ့ သီတင်းကျွတ်လပြည့်နေ့ မှာရေးထားတဲ့ ပန်ဆယ်လိုရဲ့စာ

“မြို့ပေါ်က လူငယ်တွေ ပျောက်သွားကြတယ်”

မြို့ပေါ်က လူငယ်တွေ ပျောက်သွားကြတယ်။ သွေးမတော် သားမစပ် ငါတို့ဟာလည်း မောင်နှမတွေ ဖြစ်လာတယ်။ ဟေ့… အမ၊ Gas Mask နဲ့တင် မလုံလောက်ဘူး။ ပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးကို ငြှိမ်းနိုင်လိုက်လည်း မျက်ရည်ယိုတဲ့ နေ့တွေက ရပ်မသွားနိုင်ဘူး။ မီးရှူးမီးပန်းနဲ့ပြန်ပစ်လို့ ဒီမိုကရေစီ ပြန်ရရအောင် ငါတို့က ငယ်ငယ်တုန်းကလို စစ်တိုက်တမ်း ဆော့နေတာ မဟုတ်ဘူး။ အမ… နင်သိလား။ ဂိမ်းထဲမှာလို အသက်အပို မပါဘူးဟ။ နင်ပို့လိုက်တဲ့ ငွေနဲ့ လုပ်ထားတဲ့ လက်လုပ်သစ်သားဒိုင်းဟာ ကျည်မကာဘူး။

အကြမ်းမဖက်ရဘူး၊ အကွက်ထဲ ဝင်မယ်။ ဒီလိုနဲ့ ငါတို့တွေဟာ လမ်းပေါ်မှာ အပစ်ခံဖို့ ခေါင်းတွေ စင်းပေးခဲ့ကြရတာ။ ခွေးရူးကို မေတ္တာသုတ်ရွတ်ရပြရင်း ခွေးကိုက်ခံခဲ့ရတဲ့ ငါတို့တွေ။ ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေနေရာ သေနတ်တွေဖြစ်မှ လုယူခံလိုက်ရတဲ့ ဒီမိုကရေစီကို ပြန်ရမှာ ငါ့အမ။

တော်လှန်ရေးသမားဆို ယောင်ကြီးဗွှေနဲ့ နှုတ်ခမ်းမွှေးနဲ့ပဲ မြင်တတ်ခဲ့တာ။ ဂိမ်းခလုတ်ကိုင်လက်တွေဟာ သေနတ်ခလုတ်ကို ဆွဲရမယ် ထင်မထားခဲ့ အမရဲ့ ။ဂျပန်ငပုတွေ ဘယ်လောက်ဆိုးလဲတော့ ငါမသိဘူး။ မြန်မာငပုနဲ့တင် တစ်နိုင်ငံလုံး စောက်ကျိုးနည်းရတဲ့ခေတ်ဟာ ငါတို့နဲ့ တည့်တည့်တိုးတော့တာပဲ။

မြို့ပေါ်က လူငယ်တွေ ပျောက်သွားကြတယ်။ တစ်ယောက်ပြီး တစ်ယောက် ပျောက်သွားကြတယ်။ အချို့ကလည်း အချုပ်သံတိုင်တွေကြား။ အချို့ကလည်း တောထဲတောင်ထဲတွေကြား။

ဟေ့… အမ။

ကျည်မကာတဲ့ဒိုင်းကို အရဲကိုးရင်း ကိုယ့်ကိုယ်ကိုယ် Captain America လို့ ထင်တဲ့ကောင်။ သစ်သားဒိုင်းကို ကိုင်ပြီး နောက်ကလူတွေ အရင်ပြေးကြစမ်းဆိုပဲ။ သူရဲကောင်းကြီး ဒီကောင် သေလမ်းကို အရင်ပြေးသွားရတယ်။ ဒီကောင်က သေလိုက်တော့ အချိန်မီပဲ။ ငါတို့ကတော့ မသေရုံတမယ် ရှင်သန်နေရတယ်။ ဒီကောင်သေကတည်းက ငါကတော့ သတ်မလား သေမလားမှာ ပထမအရာကို ရွေးခဲ့တာတဲ့။

ဟေ့… အမ။

မိုးတွေရွာတယ်ဟ။ ခြင်ကလည်း ကိုက်တယ်။ ဝါးလုံးကို သေနတ်အရွယ်ခုတ်ပြီး သေနတ်လို ထမ်းပြေးနေဆဲပဲ။ မြို့မှာ အဆင်ပြေကြရဲ့လားတဲ့။

ဟေ့… အမ။

နည်းနည်းတော့ ငတ်တာပေါ့ဟ။ စားစရာတွေ မပို့နဲ့။ ငါတို့က အရှည်ပဲလိုတာ။ ဒါနဲ့ မြို့မှာ အဆင်ပြေကြရလားတဲ့။

ဟေ့… အမ။

သတင်းစာမှာ ငါ့အမေရဲ့ အမွေပြတ်ကြော်ငြာ ပါလာတယ်။ အမေ့ကို ငါနားလည်တယ်။ အမေ့ဆီက ဘာအမွေမှ မလိုချင်ပေမယ့် ငါမွေးမယ့် ငါ့ကလေးကျ ဒီမိုကရေစီ အမွေတော့ ပေးရမှဖြစ်မယ်ဟ။ ဒါနဲ့ မြို့ပေါ်မှာ အဆင်ပြေကြရဲ့လားတဲ့။

ဟေ့… အမ။

ငါ့ကောင်မလေး ငါ့ကို ဖြတ်သွားတယ်။ ဒီမိုကရေစီ အမွေပေးခဲ့ချင်တဲ့ ကောင်လေးတစ်ကောင်လောက် ဘယ်ကောင်မနဲ့ မွေးရမယ်တောင် မသိတော့ဘူး။ ဒါနဲ့ မြို့ပေါ်မှာ အဆင်ပြေကြရဲ့လား ငါ့အမတဲ့။

ဟေ့… အမ။

ဒီနေ့ ငါ သေနတ်အစစ် ပစ်ရတယ်ကွ။ မိုက်တယ်။ ဟိုစောက်ဂျပုခေါင်းဆို ဘယ်လောက်ကောင်းလိုက်မလဲကွာ ငါ့အမရာတဲ့။ ဒီကောင်က တဟဲဟဲ ရယ်တယ်။ ပြီးတော့ ထုံးစံမပျက် မေးပြန်တယ်။ မြို့ပေါ်မှာ အဆင်ပြေကြလားတဲ့။

ငါ့မောင် ဒီကောင်က ရယ်ရတယ်။ အဲ့လိုပဲ အခြားကောင် ငါ့မောင်တွေကလည်း ရယ်ရတယ်။ခြေထောက်ကျည်ထိဒဏ်ရာနဲ့ ငါ့မောင် နောက်တစ်ကောင်ကလည်း ခွဲစိတ်မှုပြီးရင် ငိုသံကြီးနဲ့ ဖုန်းဆက် ရယ်သေးတာ။ ငါ့သူငယ်ချင်းတွေ ပါသွားပြီအမဆိုပြီး အသံတုန်တုန်နဲ့ ဖုန်းဆက်ရယ်တဲ့ကောင်နဲ့၊ ဗုံးစမ်းရင်း ထကွဲလို့ အရေခွံချွတ်ခံရသလို ဖွေးသွားတဲ့ကောင်ကလည်း ငါအသားဖြူတော့ ပိုလှလာတယ်မလားလို့ Video Call နဲ့ ရယ်ပြသေးတဲ့ ကောင်နဲ့။ အမရေ… ငါရှေ့တန်းထွက်ပြီဟဆိုပြီး ရယ်ပြသွားတဲ့ ငါ့မောင်တစ်ကောင် စခန်းပြန်ရောက်မလာခဲ့ဘူး။ ငါ့မှာ ရယ်ရတယ်။ ငိုချင်စရာတွေ တွေ့တိုင်း ငါတို့တွေ ရယ်နေရတာ နေသားတကျပဲမလား။

ဟေ့… ငါ့အမ။

နင့်ဆီမှာ နှင်းတွေကျနေပြီလား။ ငါတို့ဆီမှာ မိုးအခါ၊ ဆောင်းအခါ။ ဒါပေမယ့် နွေဟာ ထွက်ခွါမသွားသေးဘူး။ ငါသိပါတယ်… နင်လည်း နွေထဲမှာပဲဆိုတာ။ ဒီလိုပါပဲ… ငါ့မှာ ရယ်ရတယ်။ ဒါနဲ့ စကားမစပ်… မြို့ပေါ်မှာ အဆင်ပြေကြရဲ့လားတဲ့။

ဟေ့ကောင်… ငါမောင်

မေ့ပစ်လွယ်တဲ့ လူတန်းစားအကြောင်း ငါတို့တွေ ပြောရင်း ရယ်ကြရဦးမှာ။ ဖောက်ပြန်တတ်တဲ့ လူတန်းစားတွေအကြောင်း ငါတို့တွေ ပြောရင်း ရယ်ကြရဦးမှာ။ အစောကြီးလိပ်ပြာလုံပစ်လိုက်ကြသူတွေအကြောင်း ငါတို့တွေ ပြောရင်း ရယ်ကြရဦးမှာ။

မြို့ပေါ်မှာ လူငယ်တွေ ပျောက်သွားကြတယ်။ မြို့ပေါ်မှာ ဘုရားသွားမယ့်ကောင်နဲ့ ဘားသွားမယ့်ကောင်နဲ့။ အသက်တော့ နင်တို့နဲ့ ရွယ်တူပဲ။ ဖူးသစ်စ Gen Lee လေးတွေပေါ့။ ချစ်စရာလေးတွေ။

တစ်ယောက်တည်း ခံစားနေရမယ်၊ အမေသားတွေ သမီးတွေ ကလပ်မှာက။ အသံနေအသံထားနဲ့ ဆိုရင်း ငါ့မောင်တွေ ရယ်ကြတယ်။

နေကြာဝမ်းဆက်နဲ့ လမ်းထွက်လာတဲ့ လူအုပ်ကြီး။ ဒီမိုကရေစီက မြို့မှာ ရနေပြီ ငါ့မောင်တို့ရ။ နင်တို့ ခဏခဏမေးနေတဲ့ မြို့မှာ အဆင်တွေအရမ်းပြေနေတာ။ ဘုရားစောင်းတန်းမှာ စော်နို့ကို ဒီဂျေပွတ်သလို ပွတ်နေတဲ့ကောင်မျိုးတွေအတွက် နင်တို့က ပိုတိုက်ပေးနေရတာ ရယ်ရတယ်။

မနေ့တနေ့ကမှာ အာဆီယံကို မျက်နှာချိုသွေးဖို့ လွှတ်ပေးခံလိုက်ရတဲ့ ဘုရားစောင်းတန်းက စာကလေးလို ပလူမွှေးပလူတောင် ငါ့မောင်တစ်ကောင်က ရယ်တယ်။

သီတင်းကျွတ်မှာ အဖေနဲ့အမေကို Video Call နဲ့ လှမ်းကန်တော့နေတဲ့ ငါ့မောင်တစ်ကောင်က ရယ်တယ်။

ခုနှစ်ကြိမ် ခွဲစိတ်ထားရလို့ မဖြတ်ရတော့ပေမယ့် ခြေထောက်တစ်ဖက် ထောက်လို့ရပ်နေရတဲ့ ချိုင်းထောက်နဲ့ ငါ့မောင်က ရယ်တယ်။

အရေခွံတွေ မရှိတော့တာကို အသားတွေ ဖြူလာတယ်မလားဆိုတဲ့ ငါ့မောင်တစ်ကောင်က စုတ်တသပ်သပ်နဲ့ ရယ်တယ်။

ရှေ့တန်းက ပြန်မလာနိုင်တော့တဲ့ ငါ့မောင်တွေကလည်း ရယ်နေဦးမှာ။

မြို့ပေါ်က လူငယ်တွေ ပျောက်သွားကြတယ်။ မြို့ဟာ တုံဏှိဘာဝေ။

ပန်ဆယ်လို

20 October 2021

သီတင်းကျွတ်လပြည့်နေ့

Be the first to comment

Leave a Reply

Your email address will not be published.


*