မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်….

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

ဂျူ း

အပိုင်း-၈

ဒါပေမယ့် ကိုယ့်ရဲ့ ချစ်မြတ်နိုးမှုတွေ ရဲဝံ့ရင်ဆိုင်မှုတွေဟာ မောင့်ရဲ့ ထိခိုက်နစ်မွန်းမှုတွေအဖြစ် အချိုးညီညီပြောင်းလဲသွားခဲ့ပါလားဆိုတာကိုတော့ နောက်အကျကြီးကျမှ ကိုယ်သတိထား မိလာရပါတယ်။

မောင်သိပ်တန်ဖိုးထားတဲ့ ဂုဏ်သိက္ခာဟာ ကိုယ့်ကြောင့်ပဲ ခြေဖဝါး အောက်အထိ နိမ့်ကျသွားတော့တယ်၊ ကိုယ့်ကြောင့်ပဲ မောင်ဟာ သူတစ်ပါးရဲ့ ပစ္စည်းကို ကာယကံရှင် မပေးဘဲ ခိုးယူသူဖြစ်ခဲ့တယ် ။

တို့နှစ်ယောက်ရဲ့ အချစ်အတွက် တစ်ယောက်ယောက်မှာ တာဝန်ရှိ တယ်ဆိုရင် အဲဒါ ကိုယ့်တာဝန်ပဲ ဖြစ်ပါလိမ့်မယ် ၊ ဘာဖြစ်လို့လဲ ဆိုတော့ မောင်ကိုယ့်ဆီကို မျိုသိပ်ထိန်းချုပ်ရင်းကနေပဲ တဖြည်းဖြည်း နီးကပ် လာခဲ့တာကို ကိုယ်ငဲ့ညှာ ရှောင်တိမ်းပေးဖို့ လုံးဝမကြိုးစားခဲ့မိဘဲ ရင်ခုန် မက်မောစွာ စောင့်ကြည့် ကြိုဆိုမိခဲ့လို့ပဲပေါ့ ။

တကယ်တော့ ကိုယ်တို့ နှစ်ယောက်ရဲ့ ချစ်သူဘဝအဖြစ်ဟာ ဘယ်အချိန်မှာ ပေါက်ကွဲမယ်လို့ အတိအကျ မသိရတဲ့ ချိန်ကိုက်ဗုံး တစ်ခု ကို သွေးရူး သွေးတမ်း ရှာဖွေနေကြရသူတွေနဲ့ တူပါတယ် ။

မောင့် အဆိုအရတော့ ဒီချိန်ကိုက်ဗုံးကို စတင်ဖန်တီးခဲ့သူက ကိုယ်ပဲပေါ့ ။***

( ၅ )

“သုံးယောက်ဆုဖံရအောင်”ဟူသော မဖြစ်နိုင်သည့် တောင်းဆိုချက်ကို တစ်ရက်လုံးလုံး ခေါင်းထဲက ဖယ်ထုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်သဖြင့်သုံးယောက်လုံး နာကျင်ကြေကွဲရမည့် အဖြစ်ထက် ပိုပြီးဘာမှ ထူးခြား လာမှာ မဟုတ်မှန်း ကျွန်မသိသည်။ ထို့ထက်ပို၍ ဆိုးသည်က ဤကိစ္စမျိုးကို ကျွန်မ မောင့်အား ဖွင့်ပြောတိုင်ပင်ဖို့ မဖြစ်နိုင်ခြင်းပင် ဖြစ်သည်။

ကျွန်မက ဘယ်လိုလုပ်ပြီး ပြောပြ အသိပေးရမှာလဲ၊ ကျွန်မသည် မောင့်လက်ကို ဖမ်းဆွဲပြီး ဘယ်သူမှ လိုက်မလာနိုင်သော နေ တစ်နေရာဆီသို့ ထွက်ပြေးချင်သည်။ ကဲ့ရဲ့စကားများ၊ စွပ်စွဲချက်များ သရော်လှောင်ပြောင်မှုများကို မောင်းပေး လိုက်ရိုက်ထိခိုက်နာကျင်မှု မရှိအောင် မောင့်ရှေ့မှာ ရပ်၍ ကာကွယ်ပေးချင်သည်။ အပြစ်ဟူသမျှ ကျွန်မအပေါ်မှာ သာ ကျရောက်ပါစေ။

သို့သော် ကျွန်မ မည်သည့်ဆေးခန်းမှာ အလုပ်လုပ်နေသည်ကို ကိုအောင် တစ်နည်းနည်းဖြင့် သိရှိသွားပါသည်။

“နှင်း လိုချင်တဲ့ ကျောက်စာ စာရင်းတွေ ကျွန်တော် ကူးခဲ့ပြီ”

မောင်က ကျွန်မကို ဆေးခန်းရှေ့မှာ ကြိုနေရင်းက ရွှင်လန်းတက်ကြွ ပြောရင်း ကျွန်မဆီ စာရွက်တစ်ထပ်လှမ်းပေး၏ ။ စာရွက်ကလေးများသည် မောင့်ကိုယ်သင်းနံ့ဖြင့် သင်းမွှေးလျက်ရှိရာ ကျွန်မ စိတ်မှတ် မထင်ပင် လွွှတ်ခနဲ နမ်းလိုက်မိ၏။

“ဟာ နှင်းလူတွေ ရှေ့မှာ ဘယ်လိုဖြစ်တာလဲ”

ရှက်ကိုးရှက်ကန်း ဖြစ်သွားသော မောင့်မျက်နှာကို ကျွန်မ မျက်စောင်းဝင့်လျက်-

“ဘာဖြစ်လဲစာရွက် နမ်းတာပဲဥစ္စာ”

မောင်က ခေါင်းခါယမ်းပြီး ရယ်ေမောပါသည်။ ကျွန်မတို့ ၏ ကြည်နူးပျော်ရွှင်မှုသည် ကျွန်မ လမ်းဘက်သို့ လှည့်လိုက်သည်နှင့်ရ ရှိနိုင်သော ဆင်းရဲဒုက္ခများ အဖြစ်သို့ ပြောင်းလဲသွားတော့သည် ။

ခပ်လှမ်းလှမ်း စတိုးဆိုင် နံဘေးမှာ မတ်တပ်ရပ်လျက် ကျွန်မတို့ ဘက်သို့ နာကျည်းသော ဒေါသ မျက်လုံးများဖြင့် လှမ်းကြည့်နေသော သူ့ ကို မမျှော်လင့်စွာ တွေ့ လိုက်ရသည် ။

ကျွန်မကိုယ်ခန္ဓာထဲမှ သွေးတွေ ဆူပွက်လောင်လာချိန်၌ လက်ဖျား ခြေဖျားတွေ အေးစက် ညွှတ်ခွေသွားသည်။ ကျွန်မတို့ နှစ်ယောက်ကို သူက မသိမသာ ခေါင်းညိတ်ပြပြီး မဲ့ပြုံးပြုံး လိုက်သောအခါ ကျွန်မမျက်နှာကို ရေနွေးပူပူဖြင့် ပက်ချလိုက်သလို နွေးခနဲ လောင်ကျွမ်းသွား၏။ ကျွန်မသည် ခြေလှမ်းလှမ်းဖို့ မေ့သွားပြီး နေရာမှာ ကျောက်ရုပ်တစ်ခုလို ရပ်နေမိခဲ့ပါသည်။

အသိစိတ် ကင်းမဲ့စွာ ရူးကြောင်သွားသော ကျွန်မ၏ မျက်လုံးများ ကြည့်ရာသို့ လိုက် ကြည့်လိုက်သော မောင်သည် ကျွန်မနှင့် ကိုအောင်၏ အရိပ်အခြည်ကို အကဲ ခတ်မိသွား၏။ မောင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

ရှေ့တည့်တည့်မှ သူကတော့ မတ်တပ်ရပ်မပျက် အနေအထား မပျက်။ သူက မျှော်လင့်ထားသည့် လူကိုး၊ ကျွန်မတို့နှစ်ယောက်ကို ချောင်းမြောင်း ကြည့်ရှုလျှင် ဘယ်လိုအနေအး မြင်ရမည်ဆိုကာ သူထွက်ချက်ပြီးသကိုး။
ဣန္ဒြေမပျက် ရပ်နေနိုင်ပြီပေါ့ ။ ကျွန်မကိုရော မောင့်ကိုရော သူသရော်လိုက် ခြင်း …. ဟု ကျွန်မရုတ်တရက် နားလည်လာသောအခါ ကျွန်မ၏ အရွဲ့တိုက်ချင်စိတ်က ဗြုန်းခနဲပေါ်လာ၏။

ကျွန်မ မျက်နှာမော့သော ခြေလှမ်းများဖြင့် လှမ်းယူလိုက်သည်။ ကျွန်မ မျက်နှာနာကျည်းမှုများကို သူက အသိအမှတ် ပြုသလိုပင် မဲ့ပြုံးပြုံး ခေါင်းညိတ်ပြ၏

“ဆောရီးနှင်းနှင်းတို့ အနှောင့်အယှက် ဖြစ်သွားရင် ကိုယ်တောင်း ပန်ပါတယ်ဒါပေမယ့် သုံးယောက်ဆုံပွဲနည်း ဒီတစ်နည်းရှိတာ ကိုယ် သိလိုက်လို့ပါ။ ကိုယ့်မင်းတို့ကို ချောင်းတာလဲ မဟုတ်ဘူး။ အဲဒါလို မင်းယုံစေချင်တယ်”
တင်ထားသော ကျွန်မ၏ ဒေါသများ ဖုန်းနဲ ပြုတ်ကျသွားအောင် ခပ်သိမ်း သော သူ စကားသည် နာကျင်မှုများ ဘယ်လောက်ပါဝင်သည်ဆိုတာ မသိနိုင်ပါ့။

ကျွန်မ အယောင်ယောင်အမှားမှား ခေါင်း ညိတ်လိုက်မိသည်။ မောင့်ကို လှမ်းကြည့်မိတော့ မောင်သည် အခြေအနေကို ရိပ်မိစွာ မျက်နှာပျက်စ ပြုနေပြီ။ သူ စကားသံ၏ ပိုင်စိုးပိုင်နင်းနိုင်မှုမှတစ်ဆင့် မောင် အကဲခတ်နိုင်ပြီပေါ့ ။ သို့ပါလျက် မိုက်မဲစွာပင် ကျွန်မသူတို့နှစ်ယောက် မိတ်ဆက်ပေးမိ၏ ။

သူတို့ တစ်ယောက်ကို တစ်ယောက် ပြုံး၍ပင် မပြနိုင်ကြပါ ယဉ်ကျေးစွာလည်း အသိအမှတ် မပြုကြပါ။ ရန်သူ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ခါးသီးမုန်းတီးစွာ ကြည့်နေကြသည်။ တစ်ယောက်၏ အမုန်းသည် တစ်ယောက် မျက်လုံးသို့ ညီမျှစွာ ကူးစက် တစ်ယောက်၏ ဒေါသသည် တစ်ယောက်ထံသို့ လျင်မြန်စွာ ကူးစက်သွား၏။ ကျွန်မ ရင်တဒိတ်ဒိတ်ခုန်ကာ အေးစက်နေခိုက် သူတို့နှစ်ယောက် ခက်ခဲ ပင်ပန်းစွာ ထိန်းချုပ်လိုက်လေသည် ။ ပထမဆုံး ထိန်းချုပ်နိုင်သူက သူဖြစ်သည်။

“ကိုယ်တို့ တစ်နေရာရာ သွားကြရအောင် နှင်း”

ကိုယ်တို့ဟူသော နာမ်စားသည် သုံးယောက်လုံးကို ရည်ညွှန်းကြောင်း ကျွန်မ သိသလို မောင်လည်း သိပါသည်။ မောင်သည် ဟန်ဆောင်ဖို့ ခက်ခဲ စွာပင် စိတ်ပျက် လက်ပျက် ဖြစ်နေ၏ ။ မောင်ခွဲထွက်ဖို့ ကြိုးစားနေပြီဟု ကျွန်မ သိလိုက်သည် ။ ခုမှတော့ မထူးတော့ဘူးနဲ့ တူပါရဲ့ မောင်ရယ် – ဖြစ်လာသမျှကို ကျွန်မ ရင်ဆိုင် ရတော့မှာပေါ့ ။ မောင် သူ့ကို အရှုံးပေးလို့ မဖြစ်ဘူးမောင့်ဘက်မှာ ကျွန်မ ရပ်နေပါတယ်”

ကျွန်မ မောင့်ကို အားပေးသလို ပြုံးပြလိုက်ပြီး “သွားစို့”ဟု ခေါ်လိုက် သည် ။ ထို့နောက် ကျွန်မတို့ သုံးယောက်သည် လေးလံ ထိုင်းဆသော ခြေလှမ်း များဖြင့် တစ်လှမ်းချင်း လျှောက်ခဲ့ကြတော့သည် ။ ကျွန်မ အား နှစ်သိမ့်စွာ ရဲရဲတင်းတင်း ခေါ်ဆောင်သွားသော နေရာသည် မောင့်အတွက် ငရဲခန်းတစ်ခု ဖြစ်သည်ကိုတော့ နောက်ကျမှပင် မောင် သိခဲ့ရပါသည်။ မောင်၏ ငရဲခန်းသည် မြေနီကုန်းမှ ရှိုင်းလက်ဖက်ရည်ဆိုင် ဖြစ်သည်။

လက်ဖက်ရည်ဆိုင်မှာ သူနှင့်မောင် မျက်နှာချင်းဆိုင် ထိုင်ကြသည်။ သူ အနားကပ်ထိုင်ဖို့ စိတ်ကူးမရှိသလိုပင် မောင့်အနားကပ်ထိုင်ဖို့လည်း မျက်နှာပူသောအခါ စားပွဲတစ်ဖက်ထိပ်တွင်သာ ကျွန်မ ထိုင်ရပါသည်။
ကြိုတင်ပြင်ဆင်မှု အပြည့်ရှိသော သူက အခြေအနေကို အေးဆေးစွာ ရင်ဆိုင်နိုင်သလို ဟန်ဆောင်နေသော်လည်း ဘာကိုမှ မျှော်လင့်မထားသူ မောင်ကတော့ ဤရင်ဆိုင် တိုက်ပွဲတွင် မျက်နှာအပျက်ပျက်ဖြင့် ဘာဖြစ်လာ မည်ကို ကြိုတင် မမှန်းဆနိုင်သော တရားခံဘဝသို့ တဖြည်းဖြည်း ရောက် သွားခဲ့သည်။

“ဘာမှာမလဲ နှင်း၊ ဘာစားမလဲ”

သူက ကျွန်မကို သိမ်မွေ့ဟန်ဆောင်ထားသော ဒေါသအပြုံးနှင့် ကြည့်၍ လိုက်လျောသည်။ ကျွန်မသည် ဘက်မလိုက်မိအောင် မနည်း ထိန်းချုပ်လျက် ကော်ဖီ .ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။ မောင် ဘာ စားမလဲမေးသင့် မမေးသင့် စဉ်းစားနေခိုက်မှာ မောင်က ရှပ်အင်္ကျီ အိတ်ထဲက စီးကရက်ဘူး ထုတ်ယူလေသည်။ သူ့ကို ယဉ်ကျေးဖွယ်ရာစွာ စီးကရက် ကမ်းပေးဖို့ မကြိုးစားဘဲ စီးကရက်တစ်လိပ် ထုတ်ယူ မီးညို လိုက်သော မောင့်လက်ဖျားတွေ မသိမသာ တုန်ယင်နေကြသည် ။

“ယုမော်အတွက်ရော မှာဦးလေ နှင်း”

အထက်စီးက ပြောလိုက်သော စကားသံ အဆုံး၌ မောင့်မျက်နှာ တင်းခနဲဖြစ်သွား၏ ။ ဘုရား ဘုရား … ကျွန်မ ဘာလုပ်ပေးရရင် ကောင်းမလဲ။

“ဘာ သောက်မလဲဟင်”

မောင် …ဟူသော အသုံးအနှုန်းမပါသည်ကို မောင်က ပါးနပ်စွာပင် သတိထားမိလျက် ကျွန်မကို မထုံတက်တေး ပြုံးကြည့်ပြီး ခေါင်းယမ်း၏ ။ ကျွန်မ၏ စိတ်ကျဉ်းကျပ်မှုကို မောင်သတိထားသော အခါ သူ့ကိုယ်သူအား တင်းလျက် ကြိုးစားထိန်းချုပ်ကာ သက်ပြင်းတစ်ချက် ရှိုက်သည်။

“ကျွန်တော် သိပ်အချိန် မရဘူး နှင်း၊ ခုနစ်နာရီခွဲမှာ မိတ်ဆွေ တစ်ယောက်နဲ့ ချိန်းထားတယ်”

စကားဝိုင်းသည် ချက်ချင်း တိတ်ဆိတ်ခြောက်ကပ်သွားပြန်သည် ။ မောင့်ကို ကြည့်မှန်းသိသိ စူးစိုက် အကဲခတ်နေသော သူ၏ အထက်စီး အကြည့်များကို မောင်မဆိုထားနှင့် ကျွန်မပင်လျှင် စိတ်ညစ်ညူးစွာ ဒေါသ ဖြစ်ရသည်။ နိမ့်ကျသိမ်ငယ်သော တိရစ္ဆာန်တစ်ကောင်ကို ကြည့်သည့်အကြည့်မျိုး။

“နှင်း ဆေးခန်းမှာ လူနာများရဲ့လား”

သူ့မေးခွန်းကြောင့် ကျွန်မ သူ့မျက်လုံးထဲ စိုက်ကြည့်လိုက်မိသည်။ တခြား ယောက်ျားရှေ့တွင် သူပြောမည့် စကားသည် သွေးရိုးသားရိုးမှ ဟုတ် ပါ့မလားဟု ကျွန်မ သံသယရှိစွာပင် ခေါင်းညိတ်ပြလိုက်၏ ။
“သိပ်မဆိုးပါဘူး”

“ကိုယ့်မှာ ငွေနည်းနည်းပါလာသေးတယ်၊ နှင်းလိုရင် ယူထားလိုက် နော်။ ဘာအကြောင်းကြောင့်မှ ကိုယ့်အပေါ် အားမနာနဲ့”

ကျွန်မမျက်နှာ နွေးခနဲ ပူသွား၏။ အမြဲတမ်း ကျွန်မလိုအပ်သမျှ ဖြည့်ဆည်းပေးခဲ့သော ဤယောက်ျားသည် ဤတစ်ကြိမ်တွင် တကယ့် စေတနာဖြင့် ပြောသည်ဟု ကျွန်မ မထင်ပါ။ ဒေါသတကြီး သူ့ကို ကြည့် လိုက်သောအခါ သူ့ မျက်လုံးတွေမှာ ရိုးသားဖြူစင်သော စေတနာကိုမြင်ရသည်။ သို့သော် ဤစကားကြောင့် မောင်ဘာဖြစ်သွားမလဲဆိုတာ ကျွန်မ တွေးပင် မကြည့်ရဲပါ။

မောင်သည် စီးကရက်ကို တစ်လိပ်ပြီး တစ်လိပ်သောက်လျက် ဒေါသတွေ နာကျင်မှုတွေကို ရှက်ရွံ့စွာ မျိုချနေခဲ့သည်။

“ကိုယ်တို့ သုံးယောက် ဒီအတိုင်း ဆက်နေသွားဖို့ မဖြစ်နိုင်ဘူးဆိုတာ နှင်း သိပါတယ်နော်”

တိုးတိတ်သော သူ့ အသံသည် ကျွန်မနားထဲသို့ ပြင်းထန်ကျယ်လောင်စွာ ဝင်ရောက်သွား၏ ။ ကျွန်မ မောင့်ကို လှည့်မကြည့်ရဲလောက်အောင် ကြောက်ရွံ့ ချောက်ချားသွားလေသည် ။ မျက်စိထောင့်မှ မြင်နေရသော မောင့်အရိပ်သည် လုံးဝ လှုပ်ရှားမှု မရှိဘဲငြိမ်သက်သွားသည်။ ကျွန်မ ယောင်မှားစွာပင် ကော်ဖီကုန်နေသော ဖန်ခွက်ကို ကောက်ယူလိုက်မိ၏ ။ပါးစပ်နား ရောက်ပြီးခါမှ ရှက်ရွံ့စွာ ပြန်ချထားလိုက်ရသည်။ ထိုကော်ဖီ ပန်းကန်ထဲသို့ သူက ရေနွေး အနည်းငယ် ငှဲ့ထည့်ကာ ကျင်းပေး၏။ ထို ့နောက် ရေနွေးဖြည့်ပြီး ကျွန်မရှေ့သို့ တွန်းပေးလေသည် ။

“မနေ့က မနက် ရန်ကုန်မြေကို ရောက်တဲ့အထိ ကိုယ်ဟာ အေပရယ်မှာ မင်းဝတ်မယ့် ဝတ်စုံကို မင်းနဲ့ အတူလိုက်ရှာဖို့ တွေးပြီး ကြည်နူးနေခဲ့တယ်၊

ကိုယ့်အတွက် မြင်မြင်သမျှဟာ လှပနေခဲ့တယ်။ အခုတော့ အခြေအနေတွေက တစ်ရက်တည်းနဲ့ ပြောင်းပြန် ဖြစ်ကုန်ပြီး အဖြစ်မှန်ကို ကိုယ်ယုံကြည်နိုင်ဖို့ ကာလ ဘယ်လောက် ကြာမလဲဆိုတာ ကိုယ်မသိဘူး၊ကိုယ်တို့ မင်္ဂလာပွဲအတွက် အစစအရာရာ စိတ်ကူးစီစဉ်နေတဲ့ ကိုယ့်မိဘတွေကိုကိုယ်ဘာပြောရမလဲဆိုတာ ကိုယ်မသိဘူး၊ မင်းကို ကိုယ်အပြစ်တင် နေ တာ မဟုတ်ဘူးနော် ….နှင်း၊ ဒီကိစ္စက မဆန်းပါဘူး၊ မိန်းမတစ်ယောက် ဟာ အချိန်မရွေး သစ္စာဖောက်သွား နိုင်တာပဲ”

ပျော့ပျောင်း ညင်သာသော စော်ကားမှုများသည် ကျွန်မကိုယ်တွင်းသို့ ပူပြင်းလောင်မြိုက်စွာ စီးဝင်နေကြသည်။ ကျွန်မ မောင့်ကို တိတ်တခိုး မျက်စိထောင့်ကပ်၍ ကြည့်မိ၏ ။ မောင်သည် ကျောက်ရုပ်တစ်ခုလိုပင် တွေ တွေကြီး ငြိမ်သက်လျက် အခြားစားပွဲများ ဆီသို့ မျက်နှာလွှဲထားလေသည်။

ကြာရှည်စွာ ကိုင်ထားသော မောင်သောက်လက်စ စီးကရက်သည် လက်ကြားမှာ တဆတ်ဆတ် တုန်ရီလျက် ရှည်လျားသော ပြာတောင့်ကလေး ကြွေကျသွား သည် ။ မောင်သည် စကားဝိုင်းတွင် မလှုပ်မယှက်ထိုင်ရင်း ဟိုးအဝေးကြီးသို့ ရောက်အောင် ကြိုးစားအားစိုက်နေရလေသည်။

“ဒီကိစ္စကို ဘယ်လို ဆုံးဖြတ်မလဲ၊ ဒါနှင်းရဲ့ တာဝန်”

အာခေါင်များ ခြောက်သွေ့ ကွဲအက်လျက်က ကျွန်မ သူ့ကိုစကား ပြော ရန် ကြိုးစားလိုက်သောအခါ ကျွန်မ အသံက ကျွန်မ မကြားနိုင်အောင်ပင် လေသံသဲ့သဲ့မျှသာ ဖြစ်သွား၏ ။

“ငါ့ဆုံးဖြတ်ချက်ကို နင့်ကို ပြောပြီးသား မဟုတ်လား”

သူက သဘောထားကြီးသူ တစ်ယောက်၏ အပြုံးဖြင့် ကျွန်မကို ခေါင်းညိတ်ပြသည် ။

“မင်းစဉ်းစားဦးလေ နှင်း၊ ကိုယ်မင်းကို အခုအချိန်အထိ စဉ်းစားခွင့် ပေးထားသေးတာပဲ ၊ မင်းကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်၊ ကိုယ့်ရင်ခွင်ထဲက ထွက်သွားမယ့် မိန်းမတစ်ယောက်ကို မသွားပါနဲ့လို့ ကိုယ်မတားဘူး၊ တား ပိုင်ခွင့်လဲ မရှိဘူး ။ ရှိရင်လဲ ကိုယ့်ရဲ့ ယောက်ျားသိက္ခာက တားခွင့်မပေးပါဘူး”

ထိုစကားများကို အေးဆေး ညင်သာစွာ ပြောနေသူ၏ မျက်လုံးထဲတွင် ဒေါသများ၊ မုန်းတီးမှုများဖြင့် အရောင်လက်နေ၏။ မောင်က စီးကရက်တစ်ဝက်လောက်ကို ဒီအတိုင်း ဆက်ကိုင်ထားရင်း စကားဝိုင်း၏ အခြားနေရာ စိုက်ကြည့် ငြိမ်သက်နေသည် ။ တည်ငြိမ်လွန်းသော ဣန္ဒြေမျက်နှာ၏ အတွင်း ယောက်ယက်ခတ်မှုများစွာကို မောင့်မျက်လုံးထဲမှ တစ်ဆင့် ကျွန်မ မြင်ရသည်။

“တစ်ခုတော့ ရှိတယ်နှင်း ၊ ဝတ္ထုတွေထဲကလိုကိုယ်ဟာ မင်းအချိန်မှန် ပြန်နားနိုင်တဲ့ သစ်ပင်တစ်ပင်တော့မဟုတ်ဘူး၊ အဲဒါကိုတော့ မင်းကြိုတင်စဉ်းစားဖို့ လိုလိမ့်မယ်၊ မင်းအတွက် ကိုယ်အမြဲတမ်း တံခါးဖွင့်ထားမယ် မမျှော
်လင့်လေနဲ့ ၊ အခုမင်း ကိုယ့်ဆီက ထွက်သွားရင် မင်းအတွက်တံခါးကိုယ်တစ်သက်လုံး ပိတ်ပစ်လိုက်တော့မှာ၊ မင်းနားလည်တယ်နော်”

မောင်သည် အရှက်ရသူတစ်ယောက်၏ နာကျင်မှုမျိုးဖြင့် ဝုန်း ခနဲထရပ်လိုက်၏ ။ ထို့နောက် ကျွန်မကို မီးတောက်မတတ် ပူလောင်ပြင်းပြ မျက်လုံးများဖြင့် နာကျည်းစွာစိုက်ကြည့်သည်။

ဘုရား ဘုရား …ကျွန်မမောင့်လက်ကို ဖမ်းမဆွဲရဲသဖြင့် မောင့်ကို မော့ကြည့်ဝမ်းနည်းရုံသာ တတ်နိုင်ပါသည် ။

“နေဦးလေ …ယုမော်၊ မိန်းမတစ်ယောက်ကို ကြောင်တောင်နှိုက်ရဲတဲ့ လူက သတ္တိလဲ ရှိရမှာပေါ့”

ပထမဆုံးအကြိမ် … မောင့်ကိုပြောလိုက်သော ဓားသွားတစ်ခုလို ချွန်မြအေးစက်လျက် ရှိသည်။ သူ ့ကိုငုံ့ကြည့်လိုက်သေ သူစကားသံ မောင့်မျက်လုံးမှာတော့ ပူပြင်းစွာလောင်မြိုက်နေလေသည်။ ဒေါသကြောင်ါ တစ်စုံတစ်ခုပြောလိုက်တော့မည့် မောင့်နှုတ်ခမ်းများသည် ချက်ချင်းပြန်စေ့ တင်းမာစွာ ပိတ်သွားတော့သည် ။

“ယောက်ျားတစ်ယောက်ဟာ ကိုယ်စခဲ့တဲ့ ပြဿနာကို ဆုံးခန်းတိုင် ဖြေရှင်းဖို့ တာဝန်ရှိတာပဲ ၊ ဒါ ..မင်း စခဲ့တဲ့ ဇာတ်လေ…ဒါပေမယ့် ‘ ရင်မဆိုင်ရဲဘူးဆိုရင် သွားပါ၊ သွားနိုင်ပါတယ်”

ကျွန်မသည် မြေပေါ်က ချက်ချင်းပျောက်ကွယ်သွားလျှင် သိပ်ကောင်မှာ ပဲဟု ပြင်းပြင်းထန်ထန် တောင့်တမိသည် ။ အခုအချိန်မှာ သက်ညှာမှု၊ တရားမျှတမှုတွေကို မစဉ်းစားချင်တော့ပါ ။ ကျွန်မ မကြည့်ရက်ဆုံးအရာမှာ မောင့် မျက်ရည်များဖြစ်ကြောင်း ကျွန်မ သိလိုက်ပါပြီ။ ကျွန်မထိုင်ရာမှ ထရပ်လိုက်သည် ။

အပိုင်း၉ဆက်ရန်

Be the first to comment

Leave a Reply

Your email address will not be published.


*